ခရီးသည် ၃ ဦး သေဆုံးခဲ့ပြီးနောက် ဘယ်ဆိပ်ကမ်းကမှ ကပ်ခွင့်မပေးတာကြောင့် MV Hondius သင်္ဘောဟာ ပင်လယ်ပြင်ထဲမှာတင် သီးသန့်ခွဲခြားခံထားရပါတယ်။
ဧပြီလ ၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံ အာရွှာရာမြို့ကနေ စတင်ထွက်ခွာလာခဲ့တဲ့ MV Hondius အပျော်စီးသင်္ဘောဟာ ခရီးစဉ်စတင်ပြီး ၅ ရက်အကြာမှာ ခရီးသည်တစ်ဦး စတင်ဖျားနာခဲ့တာဖြစ်ပြီး ရှားပါးတဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ပုံမှန်အားဖြင့် Hantavirus ဟာ ကြွက်တွေရဲ့ မစင်၊ ဆီးနဲ့ တံတွေးတို့ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Hantavirus Pulmonary Syndrome – HPS) ဖြစ်စေနိုင်ပါတယ်။
အလွန်အမင်း ကိုယ်ပူခြင်း (Fever)၊ ချမ်းတုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်၊ မူးဝေ၊ အော့အန်ခြင်း လက္ခဏာများ စတင်ခံစားရနိုင်ပြီး အဆုတ်ထဲမှာ အရည်တွေ ပြည့်လာတာကြောင့် အသက်ရှူ အလွန်ကျပ်လာတာကတော့ နောက်ဆုံးအဆင့် အခြေအနေမျိုးပါ။
MV Hondius အပျော်စီးသင်္ဘောပေါ်မှာ သေဆုံးသူ ၃ ဦး ရှိနေပြီး သင်္ဘောတည်ရှိရာနေရာနဲ့ အနီးဆုံး ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ Stanley (ဖော့ကလန်ကျွန်းစု) နဲ့ တခြား တောင်အမေရိက ဆိပ်ကမ်းတွေက ရောဂါပိုး ပြန့်ပွားမှာစိုးရိမ်တာကြောင့် ဆိပ်ကမ်းကပ်ခွင့် ပိတ်ပင်ထားလို့ တောင်အတ္တလန္တိတ်သမုဒ္ဒရာ (South Atlantic) အတွင်းမှာ ကျောက်ချရပ်နားထားရပါတယ်။
MV Hondius ပေါ်မှာ လူအချင်းချင်းကြား ဟန်တာဗိုင်းရပ်စ် ကူးစက်နေသလားဆိုတာကို ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ သင်္ဘောကို Quarantine (သီးသန့်ခွဲခြားခြင်း) လုပ်ထားပြီး နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကတစ်ဆင့် ပို့ဆောင်ပေးဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
Ref : Cruise ship waiting for help after 3 people died in a suspected hantavirus outbreak
NZ (ရိုးရာလေး)

