MPT က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးအပ်

aya.webp

MPT သည် ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်ဝှမ်းတစ်လျှောက် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ် ဆက်သွယ်ရေးဝန်ဆောင်မှု ဖြေရှင်းချက်များကို အမြန်ဆုံးပံ့ပိုး ပေးခဲ့ပါသည်။ ရေစီးကြောင်းများ အောက်ဘက်ပိုင်းသို့ ဆင်းသက်လာသည်နှင့်အမျှ MPT သည် နေရပ်စွန့်ခွာရသည့် မိသားစု များထံသို့ မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို တိုက်ရိုက်ပေးအပ်နိုင်ရန် အတွက်ဆက်လက် ဆောင်ရွက် ခဲ့ပါသည်။


၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက် တွင် MPT သည် အိမ်ထောင်စုပေါင်း ၃၀၀ ကျော်အတွက် အခြေခံ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အခြားသောလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ပံ့ပိုးကူညီမှုများ ရရှိစေရန်အတွက် MPT ဝန်ထမ်းများသည် ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့်  လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေး အဖွဲ့များသို့ ကိုယ်တိုင်သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်အတူ MPT သည် ဒေသတွင်း ဆက်သွယ်ရေး လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် အရေးပါသော နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဒေသခံပြည်သူများအကြား ချိတ်ဆက်မှုများ ပြတ်တောက်မှုမရှိစေရန်အတွက် MPT က B2B ဂြိုဟ်တုအင်တာနက်စက် (B2B Satellite Terminals) (၂) ခုနှင့် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော မိုဘိုင်းအခြေစိုက်စခန်း (Cell on Wheels – COW) တစ်ခုတို့ကို ဩဂုတ်လ (၅) ရက်နေ့တွင်  တပ်ဆင်လည်ပတ် ပေးခဲ့ပါသည်။ ထို့အပြင် ယခုလို အခက်အခဲကာလအတွင်း အဆင်ပြေချောမွေ့စွာ ဆက်သွယ် နိုင်စေရန်အတွက် ရေဘေးသင့် ဒေသများရှိ သုံးစွဲသူများအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အင်တာနက်ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို(SMS) ပေးပို့ခြင်း ဝန်ဆောင်မှုများကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ပေးအပ်ခဲ့ပါသည်။


MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနမှ အရာရှိချုပ် ဖြစ်သူ ဦးရဲမင်းဦးက – “ဒီလို သဘာဝဘေးအန္တရာယ် အခက်အခဲတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအတွက် ကျွန်တော်တို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ကတော့ အလိုအပ်ဆုံးနေရာတွေဆီကို မရှိမဖြစ်လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ကတိကဝတ် ဖြစ်တဲ့ ‘အတူလက်တွဲအမြဲရှိမည် MPT’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ဘယ်လို အခြေအနေ မျိုးမှာမဆို ရင်ပေါင်တန်းပြီး အမြဲရပ်တည်ပေးသွားဖို့ အပြည့်အဝ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ပြောကြားခဲ့ ပါသည်။


MPT သည် ၎င်း၏ လုပ်ငန်းလည်ပတ်ရာ ဒေသအားလုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ အပြည့်အဝ တည်ငြိမ်မှုရှိစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ MPT4U App၊ Viber နှင့် တရားဝင် ဝဘ်စာမျက်နှာတို့ရှိ MPT Chatbot များမှတစ်ဆင့်လည်းကောင်း၊ ၁၀၆ Call Center သို့ ခေါ်ဆို၍လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top