အိုမင်းမှုကို လျှော့ချပေးနိုင်တဲ့ နံပါတ်တစ် လေ့ကျင့်ခန်း

slow-aging-process.jpg

ဘဝမှာ အသက်အရွယ် တစ်ခုရလာရင် နံရံပေါ်က မှန်နဲ့ ဆက်ဆံရေးက သိပ်မကောင်းချင်တော့ဘူး။

မှန်ထဲမှာ အရေးအကြောင်းတွေ၊ ဆံပင်ဖြူတွေနဲ့ အသားအရေတွေ လျော့ကျ အိတွဲနေတာကို မြင်လာရပြီ။ တချို့ဆို ကိုယ့်ပုံ ကိုယ်မှန်ထဲ မကြည့်ဖြစ်ဘဲတောင် ဆုံးပါးသွားကြတယ်။ ဒီလိုမျိုး ပြောလိုက်လို့လည်း အရမ်းကြီး ကြောက်မသွားပါနဲ့ဦး။ လည်နေတဲ့ အချိန်နာရီစက်ဝန်းကို နှေးအောင်လုပ်ဖို့ ရိုးရှင်းပြီး ပျော်ရွှင်ဖွယ်နည်းလေး ရှိပါတယ်။ အသက်တွေကြီးလာတာနဲ့အမျှ ကိုယ်ရောစိတ်ရော ကျန်းမာ ကြံ့ခိုင်မှုတွေ တဖြည်းဖြည်း လျော့သွားတယ်လေ။ အဆိုးရွားဆုံးက ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းတဲ့ရောဂါပါ။

ဒါကြောင့် ကျွန်တော်တို့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေရင် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို အမြဲဂရုပြုရမယ်။ ဦးနှောက် အာရုံကြောဆိုင်ရာ သိပ္ပံပညာရပ် မှာထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားတာက နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ သက်ကြီးရွယ်အိုတွေဆီမှာ ဦးနှောက်ထဲက အိုမင်းမှု လက္ခဏာတွေ လျော့သွားတယ်တဲ့။ အထိရောက်ဆုံး လေ့ကျင့်ခန်းကတော့ အကပါပဲ။

ကခြင်းက ဦးနှောက်အတွက် ဘာကြောင့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ရတာလဲ။ ဦးနှောက်နှင့်ဆိုင်သော ရောဂါတွေအကြောင်း သုတေသနလုပ်နေတဲ့ ဂျာမနီနိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ အသက် ၆၃ နှစ်နှင့် ၈၀ ကြား ကျန်းမာ သန်စွမ်းတဲ့ သက်ကြီးရွယ်အို ၆၂ ယောက်ကို စေတနာ့ဝန်ထမ်း အနေနဲ့ ရွေးချယ်ခဲ့ပါတယ်။ ဒီထဲကမှ သတ်မှတ်ချက် စံနှုန်းနှင့် ကိုက်ညီသူ ၅၂ ယောက်ကို နောက်ဆုံးမှာ ရွေးချယ်ခဲ့ပါတယ်။

ထိုလူ ၅၂ ယောက်ကို ကျပန်းရွေးချယ်ပြီး အကအဖွဲ့ နှင့် အားကစားအဖွဲ့  ၂ ဖွဲ့ ခွဲထည့်ပေးခဲ့ပါတယ်။ အကသင်တန်းရဲ့ သင်ရိုးမှာ ကနည်း ကကွက်တွေ အမြဲပြောင်းလဲနေတဲ့အတွက် အဆက်မပြတ် သင်ယူရသလို ကကွက် မှတ်မိနေအာင်လည်း ကြိုးစားရတယ်။ အားကစားအဖွဲ့မှာကျတော့ ခံနိုင်ရည် စမ်းသပ်တဲ့ လေ့ကျင့်ခန်းတွေ၊ ကြံ့ခိုင်မှု စမ်းသပ်တဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

၂ဖွဲ့လုံးကလူတွေရဲ့ ဦးနှောက် အိုမင်းမှု အရိပ်ယောင်တွေ သိသိသာသာ လျော့ကျသွားပါတယ်။ အကအဖွဲ့မှာပါဝင်တဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီး အားသာတာမျိုးတွေ့ရှိရပါတယ်။ ဒီနေရာမှာ တစ်ခုမေးစရာရှိတာက စည်းချက်ကို မခံစားတတ်တဲ့လူတွေက ဘယ်လိုကတတ်မှာလဲပေါ။

ကတဲ့အခါ ကိုယ့်ကိုယ်ကို ကြည့်ကောင်းပါ့မလား တွေးနေမယ့်အစား ဂီတနဲ့ စိတ်လွတ်ကိုယ်လွတ် စီးမျောပါ။ ဂီတတမျိုးတည်းက ရောဂါကုထုံးအမျိုးမျိုး ပေးစွမ်းပါတယ်။ သံစဉ်တွေ နားထောင်တာက စိတ်ဓာတ်မြှင့်တင်ပေးသလို တင်ပါးလေ့ကျင်ခန်းတောင် အပီအပြင် ပြုလုပ်လို့ရပါသေးတယ်။ ဒါကြောင့် ပြောပြချင်တာက အက ဆိုတာ အသက်အရွယ်ကြီးသူတွေအတွက် ကိုယ်ရောစိတ်ပါ ပြောင်းလဲလို့ရမယ့် စွမ်းအားပြင်း နည်းလမ်းတစ်ခုပါ။

Ref : Health : scientists reveal the number one exercise for slowing down the aging

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top