သိမ်းယူထားတဲ့ကားတွေကို သီးနှံတွေဖြစ်ထွန်းရာနေရာအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ ကီရာလာရဲတပ်ဖွဲ့ဝင်များ

16-9-2020-yyl-001.jpg

အိန္ဒိယနိုင်ငံက ကီရာလာရဲဌာနဟာ သူတို့သိမ်းယူထားတဲ့ တရားမဝင်တဲ့ယာဉ်တွေကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထားမယ့်အစား ရေရှည်အသုံးပြုနိုင်မယ့် နည်းတစ်နည်းကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ ရဲဌာနက အဲဒီယာဉ်တွေပေါ်မှာ အော်ဂဲနစ်သီးနှံပင်တွေ ဖြစ်ထွန်းအောင် စိုက်ဖို့ပါပဲ။ အဲဒီပရောဂျက်မှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိတွေထဲက တစ်ယောက်ကလည်း လယ်သမားတစ်ယောက်ပါပဲ။ စိုက်ပျိုးရေးပိုင်းကို သိတဲ့အတွက် သူဟာ အပင်စိုက်တာကို တာဝန်ယူရပါတယ်။ အခြားရဲအရာရှိတွေက အပင်စိုက်နေစဉ်အတွင်းမှာ သူ့ကို ကူညီပေးခဲ့ကြပါတယ်။

“သဲနဲ့မြေဆီလွှာတွေ ခိုးသွင်းလာတဲ့အတွက် ကျွန်တော်တို့ဖမ်းဆီးထားတဲ့ ကုန်တင်ယာဉ်အနည်းငယ်ရှိပါတယ်။ လွန်ခဲ့တဲ့ (၃) လကျော်က သိမ်းယူထားတဲ့ တရားမဝင်တဲ့ယာဉ်တွေမှာ သီးနှံစိုက်ပျိုးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က ပထမဆုံးသီးနှံတွေ ရိတ်သိမ်းခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုက အောင်မြင်ပါတယ်။ ကျွန်တော်တို့တွေ ဟင်းသီးဟင်းရွက်တွေကို ရဲဌာနရဲ့ကန်တင်းမှာ ပေးခဲ့ပါတယ်” လို့ ရဲအရှာရှိ ဆင်ဆန် ပီတီက ပြောပါတယ်။

ပထမဆုံးစိုက်ပျိုးတာ အောင်မြင်တဲ့အတွက် ရဲအရာရှိတွေက သူတို့ရဲဌာနမှာ ရှိနေတဲ့ အခြားယာဉ်တွေမှာလည်း တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ခဲ့ပါတယ်။ ကီရာလာက ရဲဌာနတွေမှာ သိမ်းယူထားတဲ့ ယာဉ်ပေါင်း (၄၀,၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီယာဉ်တွေထဲမှာ (၂) ဘီးယာဉ်နဲ့ နှစ်တော်တော်ကြာကြာရှိနေတဲ့ ယာဉ်ကြီးတွေပါဝင်ပါတယ်။ရဲဌာနက ဒီကားတွေကို လေလံတင်ဖို့ ခွင့်ပြုချက်ရှိပေမယ့် ဆက်နွယ်ပတ်သက်နေတဲ့တရားဥပဒေတွေကြောင့် အခြေအနေတွေကို ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါ့အပြင် ဒီယာဉ်တွေကို ဝယ်မယ့် သင့်တော်တဲ့သူကိုလည်း အလွယ်တကူမရှိနိုင်တဲ့အတွက်ကြောင့်လည်းမရောင်းဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

“ယာဉ်တစ်စီးကို တရားမဝင်တဲ့လုပ်ဆောင်ချက်ကြောင့် သိမ်းယူခဲ့ရင် အဲဒီယာဉ်ပိုင်ရှင်က ဘယ်တော့မှ အဲဒီအတွက် တာဝန်ယူမှာမဟုတ်ပါဘူး။ အမြဲလိုလို ကားဆရာတွေကိုသာ ဖမ်းမိမှာပါ။ ယာဉ်တိုက်မှုဖြစ်ထားတဲ့ယာဉ်တွေကလည်း တရားရင်ဆိုင်ပြီးသွားတဲ့နောက်မှာလည်း ပိုင်ရှင်တွေက ပြန်မယူဖြစ်ကြပါဘူး။ နှစ်ပေါင်းများစွာ ရဲစခန်းမှာ ရှိနေပြီး အသုံးမဝင်ဖြစ်လာတဲ့အတွက် ဘယ်သူကမှ ယာဉ်တွေကို ဝယ်ချင် လိုချင်ကြမှာမဟုတ်ပါဘူး”လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။ အဲဒါကြောင့်ပဲ ကီရာလာရဲဌာနက ယာဉ်တွေကို ဒီအတိုင်းပစ်ထားမယ့်အစား ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးဖြစ်ထွန်းနိုင်မယ့်နေရာအဖြစ် ပြောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

Ref: Indiatimes “An Innovative Venture – Kerala Cops Convert Confiscated Cars into Organic Vegetable Gardens”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top