ဇာတ်ကားထဲမှာ ဗီလိန် . . . လက်တွေ့ဘဝမှာ သူရဲကောင်း

26-5-2020-yyl-020.jpg

ဇာတ်ကားတွေထဲမှာ မုန်းစရာကောင်းတဲ့ ဗီလိန်သရုပ်ဆောင် ဆိုနူဆုဒ်ဟာ လက်တွေ့ဘဝမှာတော့ စိတ်ထားကောင်းလွန်းတဲ့ သူရဲကောင်းကြီးပါ။ COVID-19 ကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း Lockdown ချလိုက်ချိန်မှာ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီ ပိတ်မိခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ ဝင်ငွေမရှိ၊ စားစရာမရှိ အငတ်ငတ် အပြတ်ပြတ်ဖြစ်မှာ စိုးရိမ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေက ကိုယ့်ရပ်ကိုယ်ရွာ ပြန်ချင်ကြပေမဲ့ ကားတွေ၊ ရထားတွေကလည်း မထွက်ဘူး။ ဒီတော့ မိုင်ရာချီကွာဝေးတဲ့ ခရီးကို လမ်းလျှောက်ပြန်ကြတယ်။ လမ်းခရီးမှာ ရထားကြိတ်လို့၊ ကားကြိတ်လို့၊ မတော်တဆဖြစ်လို့၊ အမောဖောက်လို့ သေဆုံးခဲ့သူ ၁၀၀ ကျော်ရှိတယ်။ ဒီအဖြစ်တွေကို မြင်ပြီးကတည်းက ဆိုနူဆုဒ် အိပ်မပျော်တော့ဘူး၊ မိသားစုနဲ့ အတိုက်အခံလုပ်ပြီး သူတို့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုနူဆုဒ်နဲ့ သူ့ရဲ့ငယ်ပေါင်းကြီးဖော် နီတီဂိုးလ်တို့က ပြီးခဲ့တဲ့ ၂ လလုံးလုံး ရွှေ့ပြောင်းလုပ်သားတွေကို အစားအစာတွေ ဝေငှပေးခဲ့ကြတယ်။

” ပြီးခဲ့တဲ့မတ်လကစပြီး ချက်ပြီးသား စားစရာနဲ့ ကုန်ခြောက်ပစ္စည်း အထုပ် ၅၀၀ ဝေခဲ့တယ်။ အခုချိန်မှာတော့ နေ့စဉ်နေ့တိုင်း ဆင်းရဲသားရပ်ကွက်တွေ၊ လမ်းမှာ ပိတ်မိနေသူတွေနဲ့ အဝေးပြေးလမ်းပေါ်မှာ လမ်းလျှောက်နေသူတွေ ၄၅၀၀၀ အတွက် စားစရာနဲ့ ကုန်ခြောက်တွေ ဝေပေးနိုင်ပြီ” လို့ ဆိုနူဆုဒ်က ပြောတယ်။

ဆိုနူဆုဒ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ မေလ ၉ ရက်က စားစရာတွေ ဝေနေရင်း လူတစ်စုနဲ့ တွေ့တယ်။ သူတို့က အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်ကို ပြန်ကြမယ့်သူတွေပါ။ ” ခင်ဗျားတို့ ဘယ်လိုပြန်ကြမှာလဲလို့ မေးတော့ လမ်းလျှောက်ပြန်ကြမယ်တဲ့။ အဲဒီခရီးက ကီလိုမီတာ ၅၅၀ ဝေးတယ်။ အဲဒီတော့ ကျွန်တော့်ကို ၂ ရက်အချိန်ပေးပါ၊ ခင်ဗျားတို့ အိမ်ပြန်နိုင်အောင် ကျွန်တော် အားလုံးစီစဉ်ပေးမယ်လို့ ပြောလိုက်တယ်။ မဟာရက်ရှ်ထရာနဲ့ ကာနာတာကာပြည်နယ်တွေကနေ ခွင့်ပြုချက်တွေရအောင် လုပ်ရတာပေါ့”လို့ ဆိုနူဆုဒ်က ပြောပါတယ်။

မေလ ၁၁ ရက်မှာတော့ ပထမဆုံးအသုတ်အဖြစ် ရွှေ့ပြောင်းလုပ်သား ၂၀၀ တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေ စတင်ထွက်ခွာခဲ့ကြပါတယ်။ ဘတ်စ်ကားတွေ မထွက်ခင် ဆိုနူဆုဒ်က အုန်းသီးခွဲပြီး လမ်းခရီးမှာ ပျော်ရွှင်မှုရအောင် ဆုတောင်းပေးခဲ့ပါတယ်။ ဒါက အိန္ဒိယရဲ့ ထုံးတမ်းစဉ်လာပါ။ ” သူတို့တွေက မျက်နှာမှာ အပြုံး၊ မျက်လုံးမှာ မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့တာပါ”လို့ ဆိုနူဆုဒ်က ပြောပါတယ်။ မေလ ၁၁ ရက်ကစပြီး ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာ အိမ်ပြန်နိုင်အောင် ဆိုနူဆုဒ်တို့ သူငယ်ချင်းနှစ်ယောက်က ဘတ်စ်ကားရာချီ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နောက်ထပ် အိမ်ပြန်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကလည်း ဆိုနူဆုဒ်ကို ဖုန်းမက်ဆေ့၊ အီးမေးလ်၊ တွစ်တာ၊ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ် စတဲ့ ပုံစံမျိုးစုံနဲ့ အကူအညီတောင်းခံခဲ့ကြပါတယ်။

မိသားစုတွေ အချိန်ပြည့်အတူရှိနေကြတဲ့ ကာလမျိုးမှာ ဆိုနူဆုဒ်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ တစ်ရက် ၁၈ နာရီလောက် အလုပ်လုပ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်ကိစ္စ ဖြစ်နေလို့ပါပဲ။ ” ရွှေ့ပြောင်းလုပ်သားအရေးကို ကျွန်တော့် အရမ်းအလေးထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ရွှေ့ပြောင်းလုပ်သားတစ်ယောက်အဖြစ် မွမ်ဘိုင်းကို ရောက်လာခဲ့လို့ပါပဲ။ တစ်နေ့မှာ ကျွန်တော် ရထားစီးပြီး ဒီကို ရောက်လာခဲ့တယ်။ ဒီကိုလာကြတဲ့သူအားလုံး အိမ်မက်တစ်ခုရှိပါတယ်။ သူတို့မိသားစုအတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ်မယ်ဆိုတဲ့ အိပ်မက်ပေါ့။ သူတို့အားလုံးကို ကောင်းကောင်းဆက်ဆံသင့်ပါတယ်”လို့ ဆိုနူဆုဒ်က ပြောပါတယ်။ ဆိုနူဆုဒ်ကတော့ ရွှေ့ပြောင်းလုပ်သားအားလုံး အိမ်ပြန်မရောက်မချင်း သူလုပ်စရာရှိတာတွေကို ဆက်လုပ်နေဦးမှာပါ။

” ကိုယ်က ကူညီနိုင်တဲ့ အနေအထားမှာရှိရင် အချိန်၊ နေရာမရွေး ကူညီပေးလိုက်ပါလို့ ကျွန်တော့်မိဘတွေက သွန်သင်ပေးခဲ့ဖူးတယ်”လို့ ဆိုနူဆုဒ်က ဆိုပါတယ်။ ဆင်းရဲသားပြည်သူတွေကို ဂရုမစိုက်သလို ဆက်ဆံလို့ အိန္ဒိယအစိုးရကို ဝေဖန်နေကြချိန်မှာ ဆိုနူဆုဒ်ကတော့ စိတ်ထားမွန်မြတ်တဲ့ လုပ်ရပ်ကြောင့် လူအများ လေးစားအားကျရသူ ဖြစ်နေပါတယ်။ သူ့ကို သူရဲကောင်းပုံစံ၊ စူပါမန်းပုံစံ ရေးဆွဲဂုဏ်ပြုမှုတွေ ရှိခဲ့ပါတယ်။ ဆိုနူဆုဒ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံမှာရှိတဲ့ သူ့ပရိသတ်တွေကို စကားလက်ဆောင်ပါးခဲ့ပါတယ်။ ” အခုလိုကာလမျိုးမှာ ခင်ဗျားတို့ရဲ့ အကူအညီလိုအပ်နေတဲ့ ဆင်းရဲသားတွေ၊ ပိတ်မိနေသူတွေ အများကြီးရှိနေလို့ မိသားစုတစ်စုချင်းစီတိုင်းက နေ့စဉ်နေ့တိုင်း တစ်နပ်စာပိုချက်ဖို့ လိုပါတယ်။ အဲဒီလိုသာ ပိုချက်ကြမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံတစ်ခုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ချေမှုန်းနိုင်မှာပါ”လို့ ဆိုနူဆုဒ်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top