ပြည့်တန်ဆာအမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်မင်းသား လီရိဖုန်း

12.9-2022-yyl-06.jpg

အသက် ၃၅ နှစ်အရွယ် တရုတ်နာမည်ကြီးမင်းသားချော လီရိဖုန်းဟာ ပြည့်တန်ဆာလုပ်ဖို့ ငွေပေးစေခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဘေဂျင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လီဆိုတဲ့ အသက် ၃၅ နှစ်သရုပ်ဆောင်မင်းသားတစ်ဦးကို မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဘေဂျင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ လီက ပြည့်တန်ဆာတွေဆီ အကြိမ်ကြိမ်သွားခဲ့တာကို ဝန်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မင်းသားရဲ့နာမည်အပြည့်အစုံကို ဖော်ပြမထားပေမဲ့ နိုင်ငံပိုင်ရုပ်သံက မင်းသား လီရိဖုန်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြောမပြခဲ့ပါဘူး။

အီတလီနာမည်ကြီးကုန်အမှတ်တံဆိပ် Prada က ၂၀၂၁ ခုနှစ်ကတည်းက Brand Ambassador ဖြစ်ခဲ့တဲ့ လီနဲ့လက်တွဲလုပ်ကိုင်မှုအားလုံးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။ သွားတိုက်ဆေးကုမ္ပဏီ Sensodyne နဲ့ တရုတ်တိုင်းရင်းဆေးကုမ္ပဏီ King To Nin Jiom အပါအဝင် အခြားကုန်အမှတ်တံဆိပ်တွေကလည်း သူနဲ့လက်တွဲလုပ်ကိုင်တာကို ရပ်ဆိုင်းလိုက်ပါတယ်။

ပြည့်တန်ဆာလုပ်ဖို့ ငွေပေးစေခိုင်းတာက တရုတ်ဥပဒေအရ တရားမဝင်ဖြစ်ပြီး ပုံမှန်အားဖြင့် (၁၀) ကနေ (၁၅) ရက် ကြား ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ ပြစ်မှုက အသေးအဖွဲ့ဖြစ်ရင် (၅) ရက် (ဒါမှမဟုတ်) အဲဒီထက်နည်းနိုင်ပါတယ်။

တရုတ်ဖျော်ဖြေရေးလောကမှာ အခွန်ရှောင်တာကစပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုအထိ အရှုပ်တော်ပုံများစွာရှိတဲ့အထဲမှာ ပြည့်တန်ဆာအမှုလည်း ပါဝင်လာခဲ့ပါတယ်။ ဘေဂျင်းရဲ့ယဉ်ကျေးမှုအာဏာပိုင်တွေက ဥပဒေကို ချိုးဖောက်တဲ့ (ဒါမှမဟုတ်) လူ့ကျင့်ဝတ်ဆိုင်ရာတန်ဖိုးပျက်ပြားတဲ့ ဘယ်လိုဖျော်ဖြေသမားမဆို အနုပညာလုပ်ငန်းတွေလုပ်ခွင့်မရအောင် တားမြစ်ပိတ်ပင်ဖို့ ပြီးခဲ့တဲ့နှစ်က ညွှန်ကြားခဲ့ပါတယ်။

မင်းသားလီရိဖုန်းဟာ အစက စနေနေ့မှာ နှစ်စဉ်ကကျင်းပနေကျ CCTV ရဲ့Mid-Autumn Festival မှာ ပါဝင်တင်ဆက်ဖို့ လုပ်ထားခဲ့တာပါ။ လီရိဖုန်းက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသားတစ်ယောက်ပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ Style Icon Award ကို ရရှိထားတဲ့ တစ်ဦးတည်းသော တရုတ်သရုပ်ဆောင်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူက The Pioneer ရုပ်ရှင်ကားမှာ တရုတ်သမ္မတဟောင်း မော်စီတုန်းအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းတွဲအသစ် Day Breaker ကလည်း ဇွန်လကမှ ထုတ်လွှင့်ပြသပြီးသွားခဲ့တာပါ။

Ref: AsiaOne “Chinese star Li Yifeng detained, accused of soliciting prostitutes”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top