စကော့တလန်က တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ စွန့်ပစ်တီဘီရောဂါကုဆေးရုံကြီး

9-11-2022-yyl-42.jpg

စကော့တလန်နိုင်ငံက စစ်အတွင်း စွန့်ပစ်ထားတဲ့ တီဘီရောဂါကုဆေးရုံကြီးက အက်ဒင်ဗာရာမြို့ကနေ မိုင် (၃၀) လောက်မှာ တည်ရှိပါတယ်။ ထွက်ရှိထားတဲ့ အဲဒီဆေးရုံရဲ့အတွင်းပိုင်းဓာတ်ပုံတွေက တုန်လှုပ်ခြောက်ခြားစရာကောင်းလှပါတယ်။ အဲဒီဆေးရုံကြီးမှာ ကလေးတွေရဲ့အရုပ်တွေလည်းပြတင်းပေါက်မှာ တွဲလောင်းကျနေပြီး အခုအထိ ရှိနေတာတွေ့ရပါတယ်။

ဒီဆေးရုံကို ပထမကမ္ဘာစစ်အတွင်းက ရေတပ်စခန်းအဖြစ် အသုံးပြုခဲ့ပေမဲ့ ဗြိတိန်မှာ တီဘီရောဂါဖြစ်ပွားခဲ့တဲ့အတွက် နာတာရှည်ဆေးကုဌာနအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်စတင်တဲ့အခါမှာတော့ ဆေးရုံကို Royal Air Force လေယာဉ်ကွင်းအဖြစ်လည်း အသုံးပြုခဲ့ပါတယ်။

စွန့်ပစ်ဆေးရုံကြီးရဲ့အခန်းတွေက လူနာတွေရဲ့သက်ဆိုင်တဲ့အရာတွေနဲ့ပြည့်နေတုန်းပါပဲ။ ဆေးရုံရဲ့မြေကြီးပေါ်မှာ ဆွေးမြည့်နေတဲ့ ကလေးတွန်းလှည်း၊ ပြတင်းပေါက်မှာ တွဲလောင်းကျနေတဲ့ ကလေးအရုပ်တွေ တွေ့ရပါတယ်။ ဆေးရုံအတွင်းပိုင်းက ပြိုကျပျက်စီးနေပြီး နံရံတွေအက်ကွဲလို့နေပါတယ်။ ကြမ်းပြင်မှာလည်း အပျက်အစီးတွေ၊ မွေ့ရာတွေ အပုံလိုက်ပါပဲ။ ပျက်စီးနေတဲ့ လူနာကုတင်တွေလည်း ရှိနေပါတယ်။

ပြတင်းပေါက်တော်တော်များများလည်း အစိတ်စိတ်အမွှာမွှာကွဲအက်နေပြီး ဆေးရုံကို နွယ်ပင်တွေက လွှမ်းခြုံထားပါတယ်။ စွန့်ပစ်ဆေးရုံကြီးရဲ့အတွင်းပိုင်းဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာကတော့ မြို့ပြစူးစမ်းရှာဖွေသူ ဂရန့် ဗင်ဆန့်ဆိုသူပါပဲ။ သူနဲ့သူ့အဖွဲ့သားတွေက အဲဒီနေရာကို (၃) နာရီကျော်လောက် စူးစမ်းလေ့လာရှာဖွေနေခဲ့ရတယ်လို့ ဆိုပါတယ်။ အရမ်းစိတ်လှုပ်ရှားပြီး အဲဒီနေရာကို မှတ်တမ်းတင်ချင်စိတ်ပြင်းထန်နေခဲ့တယ်။ ဆေးရုံရဲ့နေရာတစ်နေရာကနေ နောက်တစ်နေ့ကို သွားတာနဲ့ အဲဒါက ခြောက်လှန့်နေသလို ခံစားခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဆေးရုံကြီးကို စူးစမ်းလေ့လာစဉ်အတွင်း ကြုံတွေ့ရတဲ့ ထိတ်လန့်စရာအကောင်းဆုံးကတော့ အခန်းတစ်ခုလုံး မွေ့ရာတွေပြည့်နေတာနဲ့ လူနာကုတင်တွေ၊ လူနာတင်တွန်းလှည်းတွေ တွေ့ရတာဖြစ်တယ်လို့ ဂရန့် ဗင်ဆန့်က ဆိုပါတယ်။

Ref: TheMirror “Inside abandoned WWI tuberculosis hospital where kids’ dolls still hang from windows”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top