ရုရှားအပေါ် မှီခိုမှုကို လျှော့ချဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ စွမ်းအင်တင်ပို့မှု စာချုပ်ချုပ်ဆို

26-3-2022-yyl03.jpg

ရုရှားရဲ့ စွမ်းအင်တင်ပို့မှုအပေါ် မှီခိုနေရတာကို လျှော့ချဖို့ ဥရောပသမဂ္ဂက အမေရိကန်နိုင်ငံထံကနေ သဘာဝဓာတ်ငွေ့ရည် မှာယူတင်သွင်းမယ့်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အဲဒီစာချုပ်အရ အခုနှစ်အကုန်မှာ အမေရိကန်က ဥရောပသမဂ္ဂကို သဘာဝဓာတ်ငွေ့ရည်တွေ ထပ်တိုးတင်ပို့ပေးမှာဖြစ်ပြီး ထပ်တိုးပမာဏဟာ ဥရောပသမဂ္ဂအတွက် ရုရှားရဲ့ဓာတ်ငွေ့တင်ပို့မှုနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်း ရှိပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဆီကနေ ဓာတ်ငွေ့မှာယူတင်သွင်းမှုကို လျှော့ချဖြတ်တောက်သွားမယ်လို့ ဥရောပသမဂ္ဂက ဆိုထားပါတယ်။ ရုရှားနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ ဓာတ်ငွေ့လိုအပ်ချက် ၄၀ ရာခိုင်နှုန်းအထိ တင်ပို့ပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။အမေရိကန်နဲ့ တခြားနိုင်ငံတွေဟာ မနှစ်တုန်းက ဥရောပသမဂ္ဂထံ သဘာဝဓာတ်ငွေ့ရည် ၂၂ ဘီလျံ ကုဗမီတာ တင်ပို့ရာကနေ အခုနှစ်မှာတော့ ကုဗမီတာ ၁၅ ဘီလျံ ထပ်တိုးတင်ပို့မှာ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ရုရှားနိုင်ငံရဲ့ တင်ပို့မှုနဲ့ယှဉ်ရင် ၂၄ ရာခိုင်နှုန်းနီးပါး ရှိလာမှာပါ။

အဲဒီသဘောတူစာချုပ်ရဲ့ အန္တိမရည်မှန်းချက်ကတော့ အမေရိကန်နဲ့ နိုင်ငံတကာမဟာမိတ်တွေက ဥရောပသမဂ္ဂအတွက် နှစ်စဉ်နှစ်တိုင်း သဘာဝဓာတ်ငွေ့ရည် ကုဗမီတာ ၅၀ ဘီလျံ တင်ပို့နိုင်ရေးပါပဲ။ ရုရှားနိုင်ငံထံကနေ ဓာတ်ငွေ့မှာယူမှုကို လျှော့ချဖြတ်တောက်ရမယ့်အတွက် ပြည့်ဖြိုးမြဲစွမ်းအင် ပိုမိုထုတ်လုပ်ပြီး စွမ်းအင်ထိရောက်စွာ အသုံးပြုမှု တိုးမြှင့်ရေး၊ (တခြားနိုင်ငံတွေဆီကနေ )စွမ်းအင်တင်ပို့မှု မြင့်တက်ရေးတွေ လုပ်ဆောင်ရမှာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ၃ ရက်ကြာမြင့်တဲ့ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ခရီးစဉ်အတွင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ဓာတ်ငွေ့တင်ပို့မှုစာချုပ်ကို ကြေညာခဲ့တာပါ။ ဂျိုးဘိုင်ဒင်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်အကြောင်း ဆွေးနွေးခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် နောက်ထပ်ထောက်ပံ့မှုတွေလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

” ပူတင်က အိမ်နီးချင်းတွေကို အကြပ်ကိုင်၊ ခြိမ်းခြောက်ဖို့ ရုရှားရဲ့စွမ်းအင်ရင်းမြစ်တွေကို အသုံးပြုနေပါတယ်။ အဲဒီကရတဲ့ အမြတ်ငွေတွေနဲ့ သူ့ရဲ့စစ်ယန္တ ယားကို မောင်းနှင်နေတာပါ” လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ ” ရုရှားရဲ့ဓာတ်ငွေ့ မသုံးတော့ဘူးဆိုရင် ဥရောပအတွက် ထိခိုက်နစ်နာမှုတွေရှိမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ကိုယ်ကျင့်တရားရှုထောင့်ကကြည့်ရင် မှန်ကန်တဲ့ကိစ္စဖြစ်ရုံသာမက ကျွန်တော်တို့တွေက ပိုမိုအားကောင်းတဲ့ ဗျူဟာအခြေခံပေါ် တင်ပေးလိုက်သလိုပါပဲ” လို့ သူက ပြောပါတယ်။

Ref: BBC “EU signs US gas deal to curb reliance on Russia”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top