သြစတြေးလျတောမီးမှာ ဒုက္ခခံစားနေရတဲ့ တိရစ္ဆာန်လေးတွေအတွက် ရွှံ့ရုပ်လေးတွေလုပ်ပြီး ကန်ဒေါ်လာ ၂၅၀,၀၀၀ လှူဒါန်းပေးနိုင်ခဲ့တဲ့ ၆ နှစ်သား

yyl-017-14.jpg

၆ နှစ်အရွယ် ကလေးငယ်တစ်ယောက်က ခိုအာလာဝက်ဝံရုပ်လေးတွေလုပ်ပြီး သြစတြေးလျတောမီးလောင်ကျွမ်းမှုမှာ ထိခိုက်ခံစားခဲ့ရတဲ့ တိရစ္ဆာန်လေးတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ဟင်ဂမ်မြို့မှာ နေထိုင်နေတဲ့ အိုဝင်ကောလေးဟာ လမ်းလျှောက်တတ်ခါစ အရွယ်တုန်းက သြစတြေးလျမှာ လအနည်းငယ် နေထိုင်ခဲ့ဖူးပါတယ်။ သူက သြစတြေးလျကို အလည်သွားချင်တယ်လို့ သူ့မိဘတွေကို ပူဆာချိန်မှာ သူ့အမေက သြစတြေးလျကို အလည်သွားဖို့ မသင့်တော်ဘူး၊ တောမီးလောင်နေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိုဝင်ကောလေးက သြစတြေးလျတောမီးမှာ တိရစ္ဆာန်လေးတွေ တော်တော်များများ ထိခိုက်ခံစားခဲ့ရတဲ့အကြောင်း သိသွားပြီး တော်တော်လေး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။

မူကြိုကျောင်းသားအရွယ်ပဲ ရှိသေးတဲ့ အိုဝင်ကောလေးက မိုးရွာနေတုန်း မြေကြီးပေါ်မှာ ခိုအာလာဝက်ဝံ၊ သားပိုက်ကောင်နဲ့ တောခွေးပုံတွေ ရေးဆွဲခဲ့ပြီး သြစတြေးလျနိုင်ငံအတွက် သူ့ရဲ့ဆုတောင်းမှုလို့ ဆိုခဲ့ပါတယ်။ သြစတြေးလျတောမီးအတွက် ကူညီပေးချင်လားလို့ သူ့အမေက မေးမြန်းချိန်မှာ အိုဝင်ကောလေးက မဆိုင်းမတွဘဲ ဟုတ်ကဲ့လို့ ဖြေဆိုခဲ့ပါတယ်။ အနုပညာဝါသနာထုံတဲ့ အိုဝင်ကောလေးက ရွှံ့အသုံးပြုပြီး ခိုအာလာဝက်ဝံရုပ်လေးတွေ လုပ်တတ်သူပါ။ အဲဒါကြောင့် သူလုပ်ထားတဲ့ ခိုအာလာဝက်ဝံရုပ်လေးတွေကို မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေဆီ ရောင်းချပြီး ရလာတဲ့ငွေတွေကို သြစတြေးလျအခြေစိုက် သားရဲတိရစ္ဆာန် ရန်ပုံငွေအဖွဲ့အတွက် လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ ခိုအာလာဝက်ဝံရုပ် ၁၀၀ လောက်လုပ်ပြီး ရန်ပုံငွေအဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ လောက်ပဲ လှူဒါန်းမယ်လို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ ဒေသခံသတင်းစာတစ်စောင်က အိုဝင်ကောလေးရဲ့ ခိုအာလာဝက်ဝံရုပ်လေးတွေ ရောင်းနေတဲ့ သတင်းကို ဖော်ပြခဲ့ပြီးနောက်မှာတော့ သူတို့မိသားစုက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ရဖို့ ရည်ရွယ်ပြီး GoFundMe ပေ့ချ် ထောင်ခဲ့ပါတယ်။ နောက် ၁၀ ရက်အကြာမှာပဲ သူတို့မိသားစုက တောင်ပိုင်းကမ်းရိုးတန်း သားရဲတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့(Wildlife Rescue South Coast Inc)အတွက် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သြစတြေးလျနိုင်ငံတစ်ဝန်းမှာ သားရဲတိရစ္ဆာန် အကောင်ရေ ၁ ဘီလျံကျော် သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ဆစ်ဒနီတက္ကသိုလ်က ပါမောက္ခ ခရစ္စတိုဖာဒစ်မန်းက အခုလ အစောပိုင်းမှာ ပြောပါတယ်။ အိုဝင်ကောလင်း ရှာဖွေပေးတဲ့ ရန်ပုံငွေဟာ သားပိုက်ကောင်ပေါက်လေး ၉၀၀ ကို တစ်နှစ်ပတ်လုံး ကျွေးမွေးပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ သူတို့မိသားစုဟာ နောက်ထပ် ခိုအာလာဝက်ဝံရုပ် ၃၀၀၀ အော်ဒါရရှိထားပါတယ်။

တိရစ္ဆာန်လေးတွေကို ကူညီပေးချင်တဲ့ အိုဝင်ကောလေးရဲ့ စိတ်ဆန္ဒ၊ အိုဝင်ကောလေးရဲ့ စိတ်ဆန္ဒကို အကောင်အထည်ဖော်ပေးခဲ့တဲ့ မိဘတွေနဲ့ သူတို့ဆီကနေ အရုပ်ဝယ်ယူပြီး ဘေးဒုက္ခကြုံနေတဲ့ တိရစ္ဆာန်လေးတွေအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီခဲ့တဲ့သူတွေအားလုံး လေးစားအတုယူစရာပါပဲ။ ဒီသတင်းကို ဖတ်ပြီးချိန်မှာ ကိုယ့်မှာ မရှိတာတွေ၊ မလုပ်နိုင်တာတွေကို ဘေးချိတ်ထားပြီး ရှိသလောက်၊ တတ်စွမ်းသလောက်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါလားဆိုတဲ့ အတွေးတစ်ခုလည်း ရမိပါတယ်။

Ref: ABC News ”6-year-old has raised over $250K for Australian wildfires by making clay koalas”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top