အရွယ်တင်နုပျိုတဲ့ အသားရေကို ဆက်လက် ပိုင်ဆိုင်နေဖို့ဆိုရင်

9-7-2020-yyl-029.jpg

အသက်အရွယ်ရလာတာနဲ့ ကျွန်မတို့ရဲ့ အသားရေတွေကလည်း အိုမင်းရင့်ရော်လာကြပါတယ်။ ငယ်ရွယ်စဉ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အသားရေကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် အသားရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းမျိုးမျိုးကို ကျွန်မတို့ပျိုမေတွေ သုံးနေရပါတယ်။ အိုမင်းခြင်းကို မဖြစ်မနေကြုံတွေ့ရမှာဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့အရာပါ။ ကျွန်မတို့လုပ်နိုင်တာကတော့ အိုမင်းရင့်ရော်လာတာကို နှေးသွားအောင်လုပ်ဖို့နဲ့ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတွေ လျော့နည်းအောင် လုပ်ဖို့ပါပဲ။ ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို ဝယ်မယ့်အစား သင်လိုချင်တဲ့ အသားရေကို ပေးစွမ်းမယ့် အခြေခံအသားရေထိန်းသိမ်းနည်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် နုပျိုတဲ့အသားရေကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

အသားရေကို ရေဓာတ်ထိန်းပေးပါ

ရေများများသောက်ပေးတာကလည်း အသားရေကို ရေဓာတ်ထိန်းပေးဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ အသားရေက ရေဓာတ်ပြည့်ဝနေရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင်ချေကို လျော့ချပေးပါတယ်။ ရေက ခန္ဓာကိုယ်အတွင်းက အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားဖို့ ကူညီပေးပြီး သင့်ခန္ဓာကိုယ်နဲ့အသားရေကို နုပျိုသွားစေပါတယ်။

ဓာတုပစ္စည်းများတဲ့ အသားရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေအသုံးတာကို ရှောင်ပါ

ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက သင့်အရေပြားကို အန္တရာယ်ဖြစ်စေပါတယ်။ ဓာတုပစ္စည်းတွေက ပစ္စည်းတော်တော်များများမှာ ပါဝင်တဲ့အတွက် အသားရေကို ပျက်စီးထိခိုက်စေမယ့် ပစ္စည်းတွေကို သတိထားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်တွေမသုံးမိစေဖို့ အကောင်းဆုံးနည်းကတော့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အလှကုန်ပစ္စည်းတွေ အသုံးပြုပေးတာပါပဲ။

အသားရေကို သန့်စင်ပေးပါ

အရေးကြီးဆုံးအသားရေ ထိန်းသိမ်းနည်းတွေထဲက တစ်ခုကတော့ သန့်စင်ပေးတာပါပဲ။ ကျွန်မတို့အသားရေက ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ ထိတွေ့မိကြပါတယ်။ ဒါကြောင့် မျက်နှာက အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားပစ်ဖို့အတွက် မျက်နှာကို နေ့တိုင်းသန့်စင်ပေးသင့်ပါတယ်။ မျက်နှာကို သန့်စင်ပေးတာက အသားရေပြဿနာတွေ မဖြစ်လာအောင် ဟန့်တားပေးနိုင်သလို အပြစ်အနာအဆာကင်းတဲ့ အသားရေကို ပိုင်ဆိုင်လာစေနိုင်ပါတယ်။

အိပ်ရေးဝအောင် ကောင်းကောင်းအိပ်စက်ပါ

အိပ်ရေပျက်တဲ့ ညတွေများလာရင် ညအိပ်မပျော်တဲ့ရောဂါကို ခံစားရလာနိုင်တယ်ဆိုတာကို ကျွန်မတို့ သိပြီးသားပါ။ ဒါပေမဲ့ အရွယ်တင်နုပျိုပြီး ကျန်းမာရေးကောင်းတဲ့ အသားရေကို လိုချင်တယ်ဆိုရင် အိပ်ရေးပျက်အောင်မနေပါနဲ့။ တစ်နေ့ကို အိပ်ချိန် (၈) နာရီရှိပါစေ။ ကောင်းကောင်းအိပ်စက်တာကလည်း သင့်အသားရေအတွက် အရေးကြီးပါတယ်။ အိပ်ရေဝမယ်ဆိုရင် သင့်ကို ကျန်းမာရေး ကောင်းစေမယ့်အပြင် အသားရေအတွက်လည်း ကောင်းကျိုးတွေ ရလာပါလိမ့်မယ်။

နေလောင်ဒဏ်မထိအောင် အသားရေကို ကာကွယ်ပေးပါ

အသားရေပျက်စီးတာက အန္တရာယ်ဖြစ်စေတဲ့ နေရောင်ခြည်ဒဏ်ကြောင့် အများဆုံးဖြစ်ရတာပါ။ နေရောင်ခြည်ဒဏ်ကြောင့် အသားရေပြဿနာ အမျိုးမျိုးကို ဖြစ်စေရုံသာမက အိုမင်းရင့်ရော်လာပြီး အရေးအကြောင်းတွေလည်း ပေါ်လာစေပါတယ်။ ဒါကြောင့် သင့်အသားရေကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့မိအောင် ရှောင်ကျဉ်ဖို့နဲ့ အပြင်ထွက်တဲ့အခါတိုင်း Sunscreen လိမ်းပေးဖို့ အရေးကြီးပါတယ်။

Ref: Here’s how you can maintain a youthful-looking skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top