အရှေ့တောင်အာရှ ၄ နိုင်ငံမှာ တစ်ရာသီစာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဖေ့ဘွတ်ခ်က ပြမယ်

yyl-008-1.jpg

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ လာမယ့်ရာသီက စတင်ပြီး အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံမှာ ပရီးယားလိဂ် တစ်ရာသီစာ ပွဲစဉ် ၃၈၀ လုံး တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိသွားခဲ့ပါပြီ။

၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာ တစ်ရာသီစာ ပွဲစဉ် ၃၈၀ လုံး တိုက်ရိုက် ထုတ်လွှင့်ပြသဖို့အတွက် ဖေ့ဘွတ်ခ်ကုမ္ပဏီက BeIn Sports ၊ FoxThey စတဲ့ ရုပ်သံလိုင်း တွေကို ကျော်ဖြတ်ပြီး ပေါင်သန်း ၂၀၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့လမှာ အမေဇုန်ကုမ္ပဏီက ၂၀၁၉-၂၀၂၀ ရာသီကစပြီး ဗြိတိန်နိုင်ငံမှာ တစ်ရာသီကို ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ တိုက်ရိုက် ထုတ်လွှင့်ပြသမှု မူပိုင်ခွင့် ရရှိခဲ့ပြီးနောက် ဖေ့ဘွတ်ခ်ကုမ္ပဏီကလည်း ကမ္ဘာတစ်ဝန်း အားကစားပွဲစဉ်တွေ တိုက်ရိုက် ထုတ်လွှင့်မှုပိုင်းမှာ အံ့အားသင့်စရာ လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကလည်း အိန္ဒိယရဲ့ ပရီးမီးယားလိဂ် ခရစ်ကတ်ပွဲစဉ်တွေ တိုက်ရိုက်ထုတ်လွှင့်မှု မူပိုင်ခွင့်ရရှိဖို့အတွက် Star India နဲ့ အပြိုင်ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ Fox Sports ရုပ်သံလိုင်းနဲ့ ပူးပေါင်းမှုကတစ်ဆင့် အမေရိကန်နိုင်ငံမှာ မေဂျာလိဂ် ဘက်စကတ်ဘောပြိုင်ပွဲ၊ ကောလိပ် ဘက်စကတ်ဘောပ်ြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲတလေ ထုတ်လွှင့်ပြသလေ့ရှိပါတယ်။

အွန်လိုင်းရုပ်သံတွေရဲ့ ဘဏ္ဍာရေးအင်အား ပိုတောင့်တင်းလာလို့ ကမ္ဘာ့တခြားဒေသ တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ဖို့အတွက် Youtube နဲ့ Netflix တို့ကလည်း ပရီးမီးယားလိဂ်နဲ့ ဆွေးနွေးနေဖွယ်ရှိပါတယ်။

အမေဇုန်ကုမ္ပဏီကလည်း အားကစားပြိုင်ပွဲတွေရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ပိုင်းကို အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီး ATP နဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွေအတွက် ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ရရှိထားပါတယ်။ ဒါ့အပြင် အမေဇုန်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဖြစ်ရပ်မှန်မှတ်တမ်းရိုက်ဖို့ ပေါင် ၁၀ သန်းနဲ့ ကောက်ခါငင်ကာ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကမ္ဘာတစ်လွှားမှာ အမေဇုန်ကုမ္ပဏီရဲ့ Prime အွန်လိုင်းရုပ်သံကို အားပေးကြည့်ရှုသူ သန်း ၁၀၀ ရှိတယ်လို့ အမေဇုန်ကုမ္ပဏီ အမှုဆောင်ချုပ် ဂျက်ဘီဇို့စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top