မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကျော် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦး COVID-19 ကြောင့် ထောင်ထဲမှာ သေဆုံး

12-5-2020-yyl-007.jpg

မက္ကဆီကိုနိုင်ငံရဲ့ ဒုစရိုက်လောကမှာ ကြောက်စရာကောင်းလွန်းတဲ့ လို့စ်ဇီတက်စ်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင် အက်စ်ကာမီလာမေဟာ COVID-19 ရောဂါ ကူးစက်ခံရလို့ ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ အသက် ၄၅ နှစ်ရှိသည့် အက်စ်ကာမီလာမေဟာ ယူကာတန်ပြည်နယ်မှာ လူ ၁၂ ယောက်ကို သတ်ပြီး ခုတ်ထစ်ပိုင်းဖြတ်မှု အပါအဝင် ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လို့ ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်ခံနေရသူပါ။

ဖက်တီးမေလို့ လူသိများတဲ့ အက်စ်ကာမီလာမေဟာ Old School Zetas ဟု အမည်ပေးထားသည့် လို့စ်ဇီတက်စ်ဂိုဏ်း၏အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး အမေရိကန်တိုက်အလယ်ပိုင်းကတစ်ဆင့် နာမည်ကျော် ကန်ကွန်အပန်းဖြေကမ်းခြေကို ကိုကင်းအဓိကတင်ပို့နေသူပါ။ ဒေသခံရဲအရာရှိဝင်တွေ ပါဝင်တဲ့ သတင်းပေးကွန်ရက်ကိုလည်း ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာတော့ အဖွဲ့ဝင်ရှစ်ယောက်နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။

ဂျာလစ္စကိုပြည်နယ်ရဲ့ လုံခြုံရေးအမြင့်ဆုံး ပူအန်တီဂရန်ဒီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အက်စ်ကာမီလာမေဟာ မေလ ၆ ရက်က အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရပြီး ၂ ရက်အကြာမှာ ကွယ်လွန်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့သည့်တနင်္ဂနွေနေ့ကျမှ မက္ကဆီကိုနိုင်ငံ အရာရှိများက အက်စ်ကာမီလာမေ သေဆုံးပြီဆိုတာ သတင်းထုတ်ပြန်ခဲ့တာပါ။ မက္ကဆီကိုနိုင်ငံမှာ COVID-19 ကြောင့် လူ ၃၅၀၀၀ ကျော် ကူးစက်ခံထားရပြီး လူ ၃၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top