တူရကီ-ဆီးရီးယားငလျင်ကယ်ဆယ်ရေးမှာ ကူညီဖို့ မက္ကဆီကိုနိုင်ငံရဲ့နာမည်ကြီးကယ်ဆယ်ရေးခွေးတွေကို စေလွှတ်ထား

9.2.2023-yyl-image-1.jpg

သေဆုံးသူ ၁၅၀၀၀ ရှိနေပြီဖြစ်တဲ့ တူရကီ-ဆီးရီးယားငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတဲ့သူတွေကို ရှာဖွေကယ်ဆယ်ဖို့မက္ကဆီကိုရဲ့နာမည်ကြီး ကယ်ဆယ်ရေးခွေးတွေဟာ ငလျင်ဒဏ်သင့်နေရာကို ရောက်ရှိနေပါတယ်။ အထူးကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးခွေး ၁၆ ကောင် တင်ဆောင်လာတဲ့ လေယာဉ်ဟာ အင်္ဂါနေ့က မက္ကဆီကိုမြို့ကနေ ထွက်ခွာသွားခဲ့တယ်လို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာစယ်လိုအီးဘရက်က ပြောကြားခဲ့တာပါ။

လေယာဉ်ပေါ်မှာ မက္ကဆီကိုစစ်တပ်က ရှာဖွေကယ်ဆယ်ရေးကျွမ်းကျင်သူတွေ၊ မက္ကဆီကိုရေတပ်က ကျွမ်းကျင်သူတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိ (၅) ဦးနဲ့ ကြက်ခြေနီအဖွဲ့ဝင် ၁၅ ဦးတို့ ပါဝင်ခဲ့တယ်လို့ မက္ကဆီကိုအစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကယ်ဆယ်ရေးခွေးတွေက ငလျင်လို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန် မယုံနိုင်စရာစွမ်းရည်တွေကြောင့် မက္ကဆီကိုနိုင်ငံမှာ နာမည်ကြီးပါတယ်။မက္ကဆီကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်က ဒီကယ်ဆယ်ရေးခွေးတွေက ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေတဲ့ လူဒါဇင်ပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မက္ကဆီကိုနိုင်ငံသားတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဝါရောင်လာဘရာဒေါ ရီထရီဗာ ခွေးလေး ဖာရီဒါဆိုရင် သဘာဝဘေး
အန္တရာယ်အတွင်း နိုင်ငံအများအပြားက လူပေါင်း ၅၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ချီးကျူးမှုကို ရရှိခဲ့တာပါ။ ဂုဏ်ထူးဘွဲ့ထူးနဲ့ အနားယူသွားပြီးတဲ့နောက် မနှစ်က အဲဒီခွေးလေး သေဆုံးသွားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့အပေါင်းအဖော်တွေက ကယ်ဆယ်ရေးမှာ ကူညီဖို့အတွက် ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ အလောင်းတွေကို အနံ့ခံဖို့အတွက် သူတို့ကို သေချာလေ့ကျင့်ပေးထားပါတယ်။ လူကို တွေ့တဲ့အခါ ပိတ်မိနေတဲ့နေရာကို ပြဖို့ မြေကြီးကို ယက်တာ၊ ဟောင်တာတွေလုပ်ပြီး သတိပေးပါတယ်။

ဒါပေမဲ့ မက္ကဆီကိုနိုင်ငံတစ်ခုတည်းက တူရကီနဲ့ဆီးရီးယားရဲ့ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို ကူညီဖို့ ကယ်ဆယ်ရေးခွေးတွေကို ပို့ဆောင်ခဲ့တာမဟုတ်ပါဘူး။ ဗြိတိန်၊ အမေရိကန်၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဂရိ၊ လစ်ဗျား၊ ပိုလန်နိုင်ငံတွေကလည်း သူတို့ရဲ့ကယ်ဆယ်ရေးခွေးတွေကို စေလွှတ်ထားပါတယ်။

Ref: Mexico’s famous goggle-wearing rescue dogs are being deployed for heroic Turkey earthquake mission

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top