နာမည်ကြီးဘောလိဝုဒ်ဇာတ်ကား PK ကို ဒုတိယတွဲရိုက်ကူးမယ်

18-2-2021-yyl-34.jpg

PK ဆိုတဲ့၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားဟာ လူအများရဲ့အားပေးနှစ်ခြိုက်မှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ အမီရာခမ်း (Aamir Khan) အပါအဝင် ဇာတ်ကောင်တွေက ဇာတ်လမ်းဇာတ်အိမ်ကို အသက်ဝင်လာဖို့အတွက် ကောင်းကောင်းပံ့ပိုးပေးခဲ့တာပါ။ မြန်မာပရိသတ်တွေလည်း ဂြိုလ်သားကားလို့ခေါ်တဲ့ PK ဇာတ်ကားကို ကြည့်ဖူးကြမှာပါ။ အဲဒီဇာတ်ကားရဲ့နောက်ဆုံးအဆုံးသတ်မှာ အမီရာခမ်းပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကောင်က သူငယ်ချင်းဖြစ်တဲ့ မင်းသားရန်ဘီယာ ကာပူးရ် (Ranbir Kapoor)ရဲ့ဇာတ်ကောင်ကို ခေါ်လာပြီး ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာခဲ့တာတွေ့ကြမှာပါ။ အဲဒီအချိန်တုန်းက ကြည့်ရှုသူတွေက PK ရဲ့နောက်ဆက်တွဲဇာတ်ကားကို မြင်တွေ့ရဦးမှာလားလို့ ပြောဆိုခဲ့ကြပါသေးတယ်။

ကြည့်ရှုသူတွေထင်မှတ်ထားသလိုပဲ PK ဇာတ်ကားကို ဒုတိယမြောက်ဇာတ်ကားအဖြစ် ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာ ရက်ချ်ကူမား ဟီရာနီ (Rajkumar Hirani) ကိုယ်တိုင်က နောက်ဆက်တွဲရိုက်ကူးဖို့ရှိတယ်ဆိုတာကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ နောက်ဆက်တွဲရိုက်ကူးသွားမှာပါ။ ဇာတ်ကားရဲ့အဆုံးသတ်မှာ မင်းသားရန်ဘီယာကာပူးရ်ကို ကျွန်တော်တို့ ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် ထုတ်ပြစရာ ဇာတ်အိမ်ရှိနေပါတယ်။ ဒါပေမဲ့ စာရေးဆရာက ဇာတ်လမ်းမရေးရသေးပါဘူး။ သူ ဇာတ်လမ်းရေးတဲ့နေ့၊ ကျွန်တော်တို့ ရိုက်ကူးမှာပါ” လို့ ဒါရိုက်တာ ရက်ချ်ကူမားက ပြောပါတယ်။

ဒါရိုက်တာရဲ့ပြောစကားအရဆိုရင် PK ဒုတိယမြောက်ဇာတ်ကားကို မင်းသားရန်ဘီယာကာပူးရ် နဲ့ ရိုက်ကူးသွားမယ်ထင်ပါတယ်။ အရင်တုန်းကလည်း ဒါရိုက်တာ ရက်ချ်ကူမားဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Sanju ဇာတ်ကားကို မင်းသားရန်ဘီယာကာပူးရ်နဲ့ရိုက်ကူးခဲ့ပြီး ဝင်ငွေအများဆုံးဇာတ်ကားတွေထဲကတစ်ကားဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဒါရိုက်တာ ရက်ချ်ကူမားကို PK ဇာတ်ကားနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တော့ အမီရာခမ်းရဲ့ဇာတ်ကောင်ဟာ ကမ္ဘာမြေကြီးပေါ်ကနေ ထွက်သွားမယ်ဆိုရင် ကြည့်ရှုသူတွေ စိတ်မကောင်းဖြစ်ရမှာဆိုးတဲ့အတွက် နောက်ထပ်သူ့ရဲ့ဂြိုလ်သားအပေါင်းအဖော်နဲ့ ကမ္ဘာမြေကြီးပေါ်ပြန်ရောက်လာတဲ့ပုံစံနဲ့ ဇာတ်လမ်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Ref: Tribune “‘PK 2’ in the works with Ranbir Kapoor, confirms Rajkumar Hirani”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top