သမီးဖြစ်သူ ဒေါက်တာဘွဲ့ရလို့ ကြော်ငြာဆိုင်းဘုတ် ထောင်ပြီး ဂုဏ်ပြုခဲ့တဲ့ မိခင်

16-8-2022-yyl-09.jpg

သမီးဖြစ်သူကို ဒေါက်တာဘွဲ့ရလို့ Billboard ထောင်ပြီး ဂုဏ်ပြုခဲ့တဲ့ ကန်ဒရာ ဘက်စ်ဘီ

” သားသမီးတွေ အောင်မြင်တဲ့အခါ ဝမ်းမြောက်ဝမ်းသာ အဖြစ်ဆုံးကတော့ မိဘတွေပါပဲ”။ အခုလည်း ကြည့်လေ။ သမီးဖြစ်သူ စိတ်ပညာဒေါက်တာဘွဲ့ရတာကို ဝမ်းသာမဆုံးဖြစ်နေတဲ့ မိခင်က သမီးအတွက် ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး ဂုဏ်ပြုပေးသတဲ့။ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ ခရစ်စတင်း စမောစ်က Philadelphia College of Osteopathic Medicine ကနေ ဇူလိုင်လ ၂၉ ရက်နေ့မှာ ဒေါက်တာဘွဲ့ ရရှိခဲ့တာပါ။

သမီးဖြစ်သူ ခရစ်စတင်း စမောစ်အတွက် ဂုဏ်ပြုပေးထားတဲ့ Billboard

ခရစ်စတင်းဟာ ၅ နှစ်အရွယ်ကတည်းက ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ အစကတော့ ကလေးအထူးကုဆရာဝန် လုပ်ဖို့ တွေးမိသေးပေမဲ့ ကောလိပ်ရောက်တော့ စိတ်ပညာကို သင်ယူဖြစ်ခဲ့ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ခရစ်စတင်းက မဟာဘွဲ့ပြီးမြောက်ခဲ့ပြီးနောက် (၅) နှစ်တာ ဒေါက်တာဘွဲ့ပရိုဂရမ်ကို African American Women’s Perspectives on Mental Health စာတမ်းနဲ့ အခုနှစ်မှာ ပြီးမြောက်အောင်မြင်ခဲ့တာပါ။

အခုနှစ်ဆောင်းရာသီမှာ ခရစ်စတင်းက ပင်ဆယ်ဗေးနီးယားပြည်နယ်အခြေစိုက် Springfield Psychological (စိတ်ပိုင်းဆိုင်ရာကုသရေးလုပ်ငန်း) ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Resilience, Empowerment, and Creating Hope (REACH) School Program နဲ့ ပါရဂူဘွဲ့လွန်ပရိုဂရမ်တစ်ခုကို စတင်မှာဖြစ်ပါတယ်။ ခရစ္စတင်းရဲ့အမေကတော့ ကန်ဒရာဘက်စ်ဘီလို့ အမည်ရပါတယ်။

Billboard နဲ့အတူ မြင်တွေ့ရတဲ့ ခရစ်စတင်း

သမီးဖြစ်သူရဲ့သူငယ်ချင်းအမေက ကြော်ငြာဆိုင်းဘုတ် ငှားပြီး လုပ်ခဲ့ဖူးတာကို သူ့သမီး ပြောပြခဲ့တာ အမှတ်ရပြီး ကန်ဒရာ ဘက်စ်ဘီက အဲဒီလိုလုပ်ဖို့ စိတ်ကူးရခဲ့တာပါ။ ပထမတော့ အဲဒီလိုမျိုးမလုပ်တော့ဘူးစိတ်ကူးခဲ့ပေမဲ့ နောက်တော့ စိတ်ပြောင်းသွားခဲ့ပါတယ်။ ကန်ဒရာက ကြော်ငြာဆိုင်းဘုတ်ကို ဘယ်မှာ ငှားလို့ရမလဲလို့ ဖုန်းဆက်စုံစမ်းခဲ့တယ်။ နောက်တော့ မုန့်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ကို ဆက်သွယ်မိပြီး ကြော်ငြာဆိုင်းဘုတ် ငှားပေးတဲ့ သူထံ ညွှန်ပေးခဲ့ပါတယ်။

သူ့သမီးမသိအောင် ကြော်ငြာဆိုင်းဘုတ် ထောင်ဖို့လုပ်ခဲ့တယ်။ ကြော်ငြာဆိုင်းဘုတ်တင်တဲ့ရက်မှာ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ဖို့ဆုံဖို့ စီစဉ်ထားခဲ့တယ်။ ပြီးတော့ ကြော်ငြာဆိုင်းဘုတ် ရှိတဲ့ အနီးနားက အရက်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့ လာတွေ့ဖို့ ခရစ်စတင်းကို ခေါ်ခဲ့တယ်။ ခရစ်စတင်းရောက်လာတဲ့အချိန် ကားပါကင်နားမှာ လူအများကြီး ရပ်ပြီးစောင့်နေကြတာကို တွေ့ခဲ့ရတယ်။ သူ ဘွဲ့ရတဲ့အတွက် ပါတီလုပ်ဖို့လားလို့ တွေးခဲ့တယ်။

ဇူလိုင် ၂၉ ရက်နေ့ ဒေါက်တာဘွဲ့ယူခဲ့စဉ်

ကန်ဒရာက ကြော်ငြာဆိုင်းဘုတ်ကို ပြလိုက်တဲ့အချိန်မှာ ခရစ်စတင်းက အံ့အားသင့်သွားပြီး “အို့….အရမ်းမိုက်တာပဲ”တဲ့။ အံ့အားသင့်လို့ အကြာကြီး ရပ်နေခဲ့တဲ့ ခရစ်စတင်းကို သူ့အမေက ပွေ့ဖက်ပေးခဲ့ပြီး “အမေတို့ လုပ်နိုင်ခဲ့ပြီ ကလေးလေး.. သမီး လုပ်နိုင်ခဲ့ပြီ”လို့ ပြောခဲ့တယ်။ ဂျေဇီ’ရဲ့”Let me reintroduce myself” သီချင်းကိုလည်း ဖွင့်ထားခဲ့ပါတယ်။ ကြော်ငြာဆိုင်းဘုတ် မှာ ဘွဲ့ဝတ်စုံနဲ့ ခရစ်စတင်းရဲ့ပုံအကြီးတစ်ပုံနဲ့ “Let Me Re-Introduce Myself… Dr. Kristine S. Smalls — Dr. Smiles — Look what good came out of Camden” ဆိုတဲ့စာသားလည်း ပါဝင်ပါတယ်။

Ref: GMA “Proud mom rents billboard to celebrate doctor daughter”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top