ဘာကြောင့် ကိုဗစ်လူနာတွေအတွက် ပရိုတိန်းဓာတ်က အရေးကြီးတာလဲ

15-2-2022-yyl7.jpg

အခုဆိုရင် ကျွန်တော်တို့တွေဟာ ဘယ်အချိန် ကိုဗစ်ကပ်ရောဂါကူးစက်ခံရမလဲဆိုတဲ့ ကြောက်ရွံ့မှုနဲ့ နေထိုင်နေကြရတာပါ။ ၂၀၁၉ခုနှစ်ကုန်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါက အခုထိ မျိုးကွဲအသစ်တွေပေါ်နေတာကြောင့် အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေက သင့်ကို ရောဂါအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အာဟာရဓာတ်တွေက ရောဂါကို တွန်းလှန်ဖို့အတွက် ခန္ဓာကိုယ်အတွက် ကြီးမားတဲ့လိုအပ်ချက်ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါအတွင်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့၊ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေက ခုခံနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေက အာဟာရချို့တဲ့မှုကို ဖြစ်စေကာ ခန္ဓာကိုယ်ကို ရောဂါကူးစက်လွယ်စေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့လူနာတစ်ယောက်အတွက် အာဟာရလိုအပ်ချက်နဲ့ ပတ်သက်လာရင် ပိုပြီး အလေးထားသင့်တဲ့အရာက ပရိုတိန်းဓာတ်ပါပဲ။ တစ်နေ့တာအစားအစာမှာ ပရိုတိန်းဓာတ်ပမာဏမှန်စွာ ပါဝင်တာက ကိုဗစ်လူနာတစ်ယောက် ခန္ဓာကိုယ်မှာ ဆုံးရှုံးထားတဲ့အာဟာရဓာတ်ကို ဖြည့်တင်းပေးပါတယ်။

လူ့ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ်ရဲ့အခန်းကဏ္ဍက ဘာလဲ

ပရိုတိန်းဓာတ်က လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ မာခရိုအာဟာရဓာတ် (macronutrient) တစ်ခုပါ။ စကားလုံးရဲ့မူလဇစ်မြစ်က ပထမလို့အဓိပ္ပာယ်ရတဲ့ ဂရိဘာသာစကားကဖြစ်ပြီး လူသားအာဟာရအတွက် ပရိုတိန်းရဲ့ထိပ်တန်းအဆင့်ကို ထင်ဟပ်စေတယ်လို့ ဟာဗတ်ကျန်းမာရေးက ဆိုပါတယ်။ ဒီပရိုတိန်းက ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ပြုပြင်ဖို့နြ့ အသစ်တွေ ဖန်တီးပေးဖို့ ကူညီပေးပါတယ်။

ကိုဗစ်လူနာတွေအတွက် ပရိုတိန်းဓာတ်က ဘာကြောင့် အရမ်းအရေးကြီးတာလဲ

ပရိုတိန်းချို့တဲ့မှုက ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်ချို့ယွင်းတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသနလေ့လာချက်က အတည်ပြုထားပါတယ်။ ပရိုတိန်းပမာဏနည်းပါးတာက ခန္ဓာကိုယ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပိုများစေပါတယ်။ အခြားနာတာရှည်ကျန်းမာရေးအခြေအနေတွေ ရှိနေတာကလည်း လူနာတစ်ယောက်ကို ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေများစေပါတယ်။ အဲဒါတွေကို ရှောင်ရှားဖို့အတွက် ကိုဗစ်ကာလအတွင်း ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

ပရိုတိန်းက ကိုယ်ခံအားစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ပရိုတိန်းဓာတ်ချို့တဲ့တာက လူတစ်ယောက်ကို COVID-19 ဖြစ်နိုင်ခြေများစေရုံသာမက အခြားကူးစက်ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေများစေပါတယ်။ ဒါကြောင့် ကူးစက်ရောဂါအန္တရာယ်ကနေ ဘေးကင်းဖို့အတွက် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

လူ့ခန္ဓာကိုယ်က ပရိုတိန်းဓာတ်ပမာဏ ဘယ်လောက်လိုအပ်သလဲ

ခန္ဓာကိုယ်အလေးချိန် ၁ကီလိုဂရမ်ကို ပရိုတိန်း (၀.၈) ဂရမ် လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်လူနာတွေအတွက် ပရိုတိန်းပမာဏ ပိုများနိုင်ပါတယ်။ လိုအပ်တဲ့ ပရိုတိန်းပမာဏက အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ လိင်အမျိုးအစားနဲ့ အခြားအချက်တွေလို အမျိုးမျိုးသော အကြောင်းအရာတွေပေါ်မူတည်ပါတယ်။ လူတစ်ယောက်က ပရိုတိန်းဓာတ်ပမာဏ ဘယ်လောက်စားသုံးရမလဲဆိုတာကို ဆရာဝန် (သို့) အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်။

ဘယ်လိုအစားအစာတွေက ပရိုတိန်းဓာတ် ကြွယ်ဝလဲ

ပရိုတိန်းဓာတ်ကို ကြက်သား၊ အမဲသား (သို့) ငါးနဲ့ နို့ထွက်ပစ္စည်းတွေလို တိရစ္ဆာန်ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေလို အပင်ထွက်ပစ္စည််းအမျိုးမျိုးမှာ တွေ့ရှိရပါတယ်။ လူ့ခန္ဓာကိုယ်အတွက် မာခရိုအာဟာရဓာတ်လိုအပ်ချက်ဖြစ်တဲ့အတွက် ပရိုတိန်းဓာတ်ပါဝင်မှုက အမျိုးမျိုးသောအစားအစာတွေမှာ ကွဲပြားသွားပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းပမာဏအတိအကျကို သိရဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ အကြံပြုလိုပါတယ်။

Ref: Why protein is extremely important in your COVID prevention diet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top