အိမ်နီးချင်းတွေကတော့ အဘိုးအိုရော်နယ်ရိဒ်ကို ”ကပ်စေးနည်း အဘိုးကြီး”လို့ ထင်ထားကြတာပါ။ ရိဒ်က ကုတ်အင်္ကျီ အဟောင်းကိုပဲ အမြဲဝတ်လေ့ရှိပြီး အဝတ်အစား အသစ် ဝယ်လေ့မရှိပါဘူး။ သူ စီးတဲ့ကားကလည်း တပတ်ရစ်ကားအဟောင်းလေးပါ။
ရိဒ်က ဆီဆိုင်မှာ အလုပ်လုပ်သလို စတိုးဆိုင်မှာလည်း သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ပါသေးတယ်။ သူ့ဝင်ငွေအရ စားနိုင် သောက်နိုင် အနေအထားဖြစ်ပေမဲ့ ခြိုးခြံလွန်းတာကြောင့် လူတွေက သူ့ကို ကပ်စေးနည်းတယ်လို့ ထင်နေကြတာပါ။ ဒါပေမဲ့ ရိဒ် ကွယ်လွန်သွားပြီး သူ့ရဲ့ သေတမ်းစာကို မြင်လိုက်ရချိန်မှာတော့ တမြို့လုံး အံ့အားသင့်သွားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ရိဒ်ဟာ ဒေါ်လာသန်းချီ ချမ်းသာကြွယ်ဝပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မြို့ငယ်လေးအတွက် အကျိုးပြုနိုင်ဖို့ ချန်ရစ်ပေးခဲ့တာကြောင့်ပါပဲ။ အမေရိကန်နိုင်ငံ ဗားမွန့်ပြည်နယ်၊ ဘရက်တယ်ဗိုရိုမြို့ငယ်လေးမှာ နေထိုင်တဲ့ ရိဒ်ဟာ သူ့ဘဝတလျှောက်လုံး ခြိုးခြံချွေတာ စုဆောင်းခဲ့ပြီး နာမည်ကျော် ကုမ္ပဏီကြီးတွေရဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူထားခဲ့တာကြောင့် သန်းကြွယ်သူဌေး ဖြစ်လာခဲ့သူပါ။ ဒါပေမဲ့ သူဟာ မရှိဆင်းရဲသားတစ်ယောက်လိုသာ နေထိုင်သွားခဲ့ပြီး အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ရိဒ်ရဲ့သေတမ်းစာထဲမှာတော့ သူ့ဘဝ နောက်ဆုံးအချိန်တွေမှာ စောင့်ရှောက်ကုသပေးခဲ့တဲ့ ဆေးရုံအတွက် ဒေါ်လာ ၄.၂ သန်း၊ သူ နေ့တိုင်း စာသွားဖတ်လေ့ရှိတဲ့ စာကြည့်တိုက်အတွက် ဒေါ်လာ ၁.၂ သန်း လှူဒါန်းပေးခဲ့ကြောင်း ရေးသားထားပါတယ်။ ဘတ်ဂျက် မရှိတော့တာကြောင့် ပိတ်သိမ်းရမယ့် အခြေအနေကြုံနေတဲ့ စာကြည့်တိုက်လေးဟာလည်း ရိဒ်ရဲ့ အလှူငွေကြောင့် ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Ref: The $8 Million Janitor, Ronald Read
NZ (ရိုးရာလေး)

