သြစတြီးယားနိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ မျက်နှာဖုံးစွပ်မထားတဲ့ အနုကြမ်းစီးသူ ၂ ဦးက ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိတဲ့ စိန်လည်ဆွဲတစ်ကုံးကို နေ့လယ်အချိန် ဝင်ရောက်လုယက်သွားခဲ့ပါတယ်။
ဗီယင်နာမြို့မှာရှိတဲ့ အသုံးချအနုပညာပြတိုက် (MAK) မှာ ပြသထားတဲ့ စိန်လည်ဆွဲဟာ ပလက်တီနမ်ဆွဲကြိုးကို စိန်ပွင့်ပေါင်း ၆၇၃ ပွင့်နဲ့ စီခြယ်ထားပြီး တစ်ချိန်က အီဂျစ်တော်ဝင်မိသားစု ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းပါ။
၁၉၃၀ ပြည့်နှစ်အတွင်း အီဂျစ်နိုင်ငံရဲ့ နာ့ဇ်လီ (Nazli) ဘုရင်မအတွက် ဒီဇိုင်းဆွဲဖန်တီးပေးခဲ့တဲ့ ရတနာပစ္စည်းဖြစ်ပြီး ပြင်သစ်ရတနာဆိုင် Van Cleef & Arpels ထံမှ ငှားရမ်းပြသထားတာပါ။

အဲဒီစိန်လည်ဆွဲဟာ ကာရက် ၂၀၀ ကျော် အလေးချိန်ရှိပြီး ဆွဲကြိုးရဲ့ အလယ်မှာ ၆ ကာရက်ရှိတဲ့ စိန်တစ်ပွင့် ထည့်သွင်းထားကာ နေခြည်ဖြာထွက်သည့် ပုံသဏ္ဌာန် ဖော်ဆောင်ထားတာပါ။
လာရောက်လည်ပတ်သူတွေအဖြစ် ဟန်ဆောင်ထားသူနှစ်ယောက်က မှန်သေတ္တာကို တူနဲ့ရိုက်ခွဲပြီး စိန်လည်ဆွဲကို ယူသွားခဲ့တာပါ။ သူတို့ နှစ်ယောက်ဟာ အခင်းဖြစ်ပွားရာနေရာ အနီးနားမှာရှိတဲ့ ပန်းခြံကို ခြေကျင်ထွက်ပြေးသွားခဲ့ကြပြီး ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နာ့ဇ်လီဘုရင်မရဲ့ မြစ်တော်စပ်သူ ဖောင်ဇီယာဖာရုခ် (Fawzia Farouk) က ” မိသားစုသမိုင်းနဲ့ အီဂျစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အစားထိုးမရနိုင်တဲ့ ပစ္စည်းတစ်ခု” ဖြစ်တယ်လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပြီး အခုလို လုယက်ခံရမှုအတွက် ဝမ်းနည်းမိကြောင်း ဆိုပါတယ်။
Ref: Thieves steal $4 million diamond necklace in brazen smash-and-grab heist
NZ (ရိုးရာလေး)

