မြန်မာနိုင်ငံက နယ်စပ်သွားလာမှု တင်းကျပ်လိုက်လို့ ထိုင်းဘက်မှာ ကုန်တင်ကားရာနဲ့ချီ ပိတ်မိနေ

18-9-2020-yyl-020.jpg

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနယ်စပ်မှာ သွားလာလှုပ်ရှားမှု တင်းကျပ်လိုက်လို့ တာချီလိတ်မြို့ကို ကုန်ပစ္စည်းတင်ပို့မယ့် ကုန်ကား ရာပေါင်းများစွာဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ် မယ်ဆိုင်နယ်စပ်ဂိတ်မှာ တန်းစီနေရတယ်လို့ The Nation သတင်းဌာနက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက တစ်နေ့ကို ကုန်ကား ၆ စီးစီပဲ ဝင်ထွက်ခွင့်ပြုထားပါတယ်။ မယ်ဆိုင်ခရိုင်မှာ ပိတ်မိနေတဲ့ ကုန်ကား ၆၀၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ မယ်ဆိုင်မြို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပါခါမာဗီရာက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေချိန်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေဖို့အတွက် အစောပိုင်းမှာ ချင်းရိုင်ပြည်နယ် ကူးစက်ရောဂါကော်မတီက နေ့စဉ်နေ့တိုင်း မြန်မာဘက်ကိုဝင်မယ့် ထိုင်းကုန်ကား ၁၆၈ စင်းကို နယ်စပ်ဂိတ်ကနေ ထွက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနဲ့ သေဆုံးသူအရေအတွက် ရုတ်တရက် မြင့်တက်လာပြီးနောက် မြန်မာအစိုးရက ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ တစ်နေ့ကို ကုန်ကား ၆ စီးပဲ အဝင်၊ အထွက်လုပ်ခွင့်ပြုခဲ့ပါတယ်။

” တစ်နေ့ကို ကုန်ကား ၆ စီးစီပဲ အဝင်၊ အထွက်လုပ်ခွင့်ပေးလို့ နယ်စပ်မှာ ပိတ်ဆို့မှုတွေ ဖြစ်စေတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာပဲ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံဘက်ကို ကုန်စည်တင်ပို့မယ့် ကုန်ကားအစီးရေ ၃၀၀ ကျော် ရှိတယ်။ ကုန်ကားအများစုက လောင်စာဆီကား၊ စားသုံးသူပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ကားတွေပါ။ တချို့တွေကတော့ ဝယ်လက်ဆီမရောက်ခင် သူတို့ပစ္စည်းတွေ ပျက်စီးသွားမှာစိုးရိမ်လို့ သူတို့ရဲ့ပစ္စည်းတွေကို ထိုင်း- မြန်မာ ချစ်ကြည်ရေး အမှတ်(၂)တံတားရှေ့ လမ်းဘေးမှာတောင် ချရောင်းနေကြပြီ”လို့ ပါခါမာဗီရာက ပြောပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ ပြည့်နှစ် သြဂုတ်လကြားကာလအတွင်း မယ်ဆိုင်နယ်စပ်ကနေ ထိုင်း- မြန်မာ နယ်စပ်ကုန်စည်စီးဆင်းမှုတန်ဖိုးက ဘတ်ငွေ ၁၂.၂ ဘီလျံ( မြန်မာကျပ်ငွေ ၅၁၁ ဘီလျံ)ရှိပါတယ်။ ထိုင်းဘက်ကနေ စားသုံးသူပစ္စည်း၊ လောင်စာ၊ ယမကာ၊ ဘိလပ်မြေ၊ အချိုရည်၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ သံမဏိပစ္စည်း၊ ကလေးသေးခံ အစရှိတဲ့ ကုန်ပစ္စည်းတွေ တင်ပို့မှုက ဘတ်ငွေ ၁၀.၈ ဘီလျံရှိပြီး မြန်မာဘက်ကနေ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း၊ မဂ္ဂနီ့စ်၊ သံထည်နဲ့ အလူမီနီယမ်တွေ အများစုပါဝင်တဲ့ တင်ပို့မှုကတော့ ဘတ်ငွေ ၁.၄ ဘီလျံ ရှိပါတယ်။ ၁၁ လတာကာလအတွင်းမှာ မယ်ဆိုင်အကောက်ခွန်ဌာနက အခွန်စည်းကြပ်ငွေ ဘတ် ၂၃.၇ သန်း ရရှိခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြပါတယ်။

Ref: The Nation ” Trucks stranded at Mae Sai checkpoint as Myanmar squeezes cross-border movement”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top