စမတ်ဖုန်းတွေမှာ ခေတ်စားလာမယ့် နည်းပညာများ

mobileapptechnology.jpg

သင့်ရဲ့ သေးငယ်လှတဲ့ စမတ်ဖုန်းထဲမှာ အံဩဖို့ကောင်းလှတဲ့ နည်းပညာတွေ ထည့်သွင်းထားလိုက်မယ်ဆိုရင် တကယ်ကို ကောင်းတယ်လို့ ထင်မိပါသလား။ အရင်က ဖုန်းခေါ်ရုံလောက်ပဲ အသုံးပြုနိုင်ပေမဲ့ အခုဆို ကွန်ပျူတာတစ်လုံးနီးပါး စွမ်းဆောင်နိုင်နေပါပြီ။

ဒီနှစ် စမတ်ဖုန်းတွေမှာ ခေတ်စားလာဖို့ ရာခိုင်နှုန်း အများဆုံး နည်းပညာ ငါးမျိုးကို ဖော်ပြပေးချင်ပါတယ်။

Li-Fi နည်းပညာ

Li-Fi (Light Fidelity) ဆိုတာကတော့ အလင်းနှုန်းကို အသုံးပြုထားတဲ့ ကြိုးမဲ့ကွန်ရက် စနစ်တစ်ခု ဖြစ်ပါတယ်။ Li-Fiက မြင်ရတဲ့ အလင်းရောင်၊ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်တွေကို အသုံးပြုပြီး အချက်အလက် ပို့ဆောင်မှုတွေ ပြုလုပ်ကြပါတယ်။ ဒီရောင်စဉ်လှိုင်းတွေကြောင့် ချိတ်ဆက်မှုတွေဟာ တကယ်ကို မြန်ဆန်ပါတယ်။ ဒါပေမယ့် တိုင်းထွာလို့ရတဲ့ အမြင့်ဆုံးနှုန်းကတော့ 42 Mbps သာ ဖြစ်ပါတယ်။ Li-Fi နည်းပညာကို pureLiFi ဆိုတဲ့ ကုမ္ပဏီက အသက်သွင်းလိုက်တာဖြစ်ပြီး Edinburgh တက္ကသိုလ်ရဲ့ ပါမောက္ခ ဟာရဲလ်ဒ် ဟစ် (Harald Haas) ကတော့ ဒီကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ တစ်ယောက်ပါ။ မကြာခင် ဖုန်းတွေမှာ ခေတ်စားလာတော့မယ့် နည်းပညာတစ်ခုဖြစ်မှာ အသေအချာပါပဲ။

Wireless charging

တစ်ခုခုလုပ်နေရင်းနဲ့ ဖုန်းအားကုန်သွားတဲ့အခါ သိပ်ကို စိတ်တိုကြရပါတယ်။ ဒီလိုအချိန်ဆို ဖုန်းအားပြည့်တဲ့အထိ စောင့်နေမလား (သို့) အားသွင်းရင်း ကြိုးတန်းလန်းနဲ့ ဆက်သုံးမလား ဆိုတာ ရွေးရပါတော့မယ်။ အဝေးကနေ ကြိုးမဲ့အားသွင်းရင်း သုံးလို့ရရင် အကောင်းဆုံးပေါ့။ ကြိုးမဲ့အားသွင်းတဲ့ နည်းပညာကတော့ အနီအောက်ရောင်ခြည်ကို အသုံးပြုပြီး ဖုန်းကို အဝေးကနေ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဆိုလာပြားတွေကနေ လျှပ်စစ်ထုတ်ပေးသလိုမျိုးပါ။ အခုတော့ ဒီနည်းပညာက စမ်းသပ်အဆင့်မှာပဲ ရှိနေပေမယ့် သိပ်မကြာခင်မှာ တရားဝင်သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
အနီအောက်ရောင်ခြည်သုံးတဲ့နည်းအပြင် ရေဒီယိုကြိမ်နှုန်းကိုအသုံးပြုပြီး အဝေးတစ်နေရာကနေ အားသွင်းလို့ ရနိုင်ပါသေးတယ်။ ဒီနည်းပညာကို ဘာစီလိုနာမှာ ပြုလုပ်တဲ့ မိုဘိုင်းဖုန်းဆိုင်ရာ ပြပွဲတစ်ခုမှာ Energousနဲ့ Ossia ကုမ္ပဏီတို့က ပြသသွားတယ်လို့ သိရပါတယ်။ ဒီနှစ်ကုန်လောက်မှာ တရားဝင်တွေ့ရလောက်မှာပါ။

Flexible phones

ဆမ်ဆောင်းနဲ့ လန်နိုဗို ကုမ္ပဏီ နှစ်ခုက ကွေးညွတ်နိုင်တဲ့ဖုန်းတွေ တီထွင်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ လန်နိုဗိုက ဒီနည်းပညာနဲ့ပတ်သက်တဲ့ ပရော့ဂျက်အချို့ကို စမ်းသပ်ပြသပေးခဲ့ပြီး ဆမ်းဆောင်းကလည်း သူ့ရဲ့ Galaxy X ဖုန်းအမျိုးအစားမှာ ကွေးညွတ်နိုင်မယ့် မျက်နှာပြင် ပါဝင်လာမယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ တကယ်သာ ထွက်ရှိလာမယ်ဆိုရင်တော့ ကွေးညွတ်နိုင်မယ့် ပထမဆုံးဖုန်းအဖြစ် စာရင်းဝင်သွားမှာ ဖြစ်ပါတယ်။

Fingerprint sensors under the screen

လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက လက်ဗွေဖတ် အာရုံခံစနစ်တွေ ပေါ်ထွက်လာခဲ့ပြီး သူရဲ့လုံခြုံမှု၊ မြန်ဆန်မှုတွေကြောင့် အရမ်းကို အောင်မြင်လာပါတယ်။ တချို့ဖုန်းတွေမှာတော့ ဒီအာရုံခံစနစ်တွေက သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ ဒီ အာရုံခံစနစ် နည်းပညာကို ခုနောက်ပိုင်းဖုန်းတွေမှာ ဖုန်းမျက်နှာပြင်အောက်တွင် ထည့်သွင်းလာကြပါပြီ။

Augmented Reality (AR)

အရင်တုန်းကတော့ အိမ်ထဲမှာ နေပြီး အခြားတစ်နေရာကို ၃၆၀ ဒီဂရီ ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုဖို့ မဖြစ်နိုင်ခဲ့ပေမယ့် အခုဆို AR ရဲ့ ကျေးဇူးကြောင့် ဒီစိတ်ကူးတွေဟာ တဖြည်းဖြည်း အလုံးအထည်ပေါ်လာပါပြီ။ AR ကို အသုံးပြုပြီး တစ်ခါမှ မရောက်ဖူးတဲ့ နေရာအသစ်တွေကို သင့်ရှေ့မှာ တကယ်ရောက်နေသလို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာက Googleနဲ့ Apple ကုမ္ပဏီတွေက ဖန်တီးထားပြီး ဖြစ်တဲ့အပြင် အခြားသော ကုမ္ပဏီကြီးတွေကလည်း AR နည်းပညာကို တိုးတက်လာအောင် ငွေအမြောက်အမြား အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ဒီနှစ်အတွင်း ဖုန်းတွေမှာ AR နည်းပညာ အရမ်းကို ခေတ်စားလာမယ်လို့ မျှော်လင့်ရပါတယ်။

နည်းပညာမြင့်ဖုန်းတွေ တစ်နေ့တစ်ခြား များပြားလာတဲ့အလျောက် ကျွန်တော်တို့တွေရဲ့ ဖုန်းအပေါ် မှီခိုမှုကလည်း ပိုလို့ ကြီးမားလာမှာကတော့ အသေအချာ ဖြစ်နေပါပြီ။

Ref : NewsRepublic “Top 5 Upcoming Mobile Technologies That Can be A Reality in 2018”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top