ယူအီးအက်ဖ်အေဥက္ကဋ္ဌဟောင်း ပလာတီနီ ဖမ်းဆီးခံရ

64571641_2436398093057763_6771681073664360448_n.jpg

ကာတာနိုင်ငံက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့တာနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြင်သစ်ဂန္တဝင်ကစားသမားဟောင်း ပလာနီတီဟာ ၂၀၀၇ ခုနှစ်မှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖီဖာကျင့်ဝတ်ကော်မတီက ဖီဖာဥက္ကဋ္ဌ ဘလတ္တာနဲ့ ပလာတီနီတို့ကို ဘောလုံးလောကကနေ (၈) နှစ်ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်ပိုင်းက ပလာတီနီကို ဖမ်းဆီးခဲ့ပြီး တရားရေးဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုဆန့်ကျင်တိုက်ဖျက်ရေးရုံး ပရိဝုဏ်ထဲမှာ ထိန်းသိမ်းခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံ မဲပေးရွေးချယ်မှုမလုပ်ခင် (၁၀) ရက်အလိုမှာ ပြင်သစ်သမ္မတဟောင်း ဆာကိုဇီက ကာတာအိမ်ရှေ့မင်းသား အယ်သာနီ၊ (ထိုစဉ်က)ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီ၊ ဖီဖာဒုတိယဥက္ကဋ္ဌတို့ကို အီလိုက်ဆေးဟိုတယ်ထံ ဖိတ်ခေါ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ကာတာသန်းကြွယ်သူဌေးတွေက ပီအက်စ်ဂျီအသင်းကို ဝယ်ယူမယ့်ကိစ္စ၊ ပြင်သစ်နိုင်ငံမှာ Canal+ ရုပ်သံလိုင်းနဲ့ ပြိုင်ဆိုင်မယ့် BeIN Sports အားကစားလိုင်း ဖန်တီးမှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ Football France က ဖော်ပြပါတယ်။ ပလာတီနီအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် အမေရိကန်နိုင်ငံကို ထောက်ခံမှုမလုပ်ဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ပလာတီနီဟာ အရင်တုန်းက အမေရိကန်နိုင်ငံကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရအောင် မဲပေးမယ်လို့ ဆိုခဲ့ဖူးပေမဲ့ အဲဒီအစည်းအဝေးမှာပဲ စိတ်ပြောင်းသွားခဲ့ဖွယ်ရှိပါတယ်။ ကာတာနိုင်ငံဟာ အမေရိကန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတွေကို ကျော်ဖြတ်ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာပါ။ ကာတာနိုင်ငံကို အိမ်ရှင်အဖြစ် လက်ခံလိုက်တဲ့နောက် လူ့အခွင့်အရေး၊ လိင်တူစိတ်ဝင်စားသူတွေအပေါ် သတ်မှတ်မှု သဘောထားတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ကာတာနိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ချိန်ကစပြီး ဖီဖာအမှုဆောင်အဖွဲ့ဝင် (၂၄) ယောက်အနက် ရာထူးက ထုတ်ပယ်ခံရသူ၊ တာဝန် ဆိုင်းငံ့ခံရသူ၊ စုံစမ်းစစ်ဆေးခံရသူ (၁၆) ဦးအထိ ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top