တိရစ္ဆာန်ဥယျာဉ်မှာပဲ တိရစ္ဆာန်တွေကို စောင့်ရှောက်ရင်း သီးခြားနေထိုင်နေတဲ့ တိရစ္ဆာန်ဥယျာဉ်မှူးတွေ

2-4-2020-yyl-019.jpg

လက်ရှိမှာ COVID-19 ကြောင့် ကမ္ဘာကြီးရဲ့နေရာတော်တော်များများကို အသွားအလာကန့်သတ်မှုတွေ၊ ပိတ်ဆို့တားမြစ်မှုတွေနဲ့ လုပ်ဆောင်နေကြရပါတယ်။ လူအများစုက COVID-19 အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူတို့ရဲ့အိမ်မှာပဲ နေထိုင်နေကြပေမဲ့ တချို့ကတော့ သူတို့ရဲ့အလုပ်ခွင်မှာပဲ သီးခြားနေထိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အိမ်ကနေပဲ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေ ရှိနေပေမဲ့လည်း သူတို့ကတော့ အလုပ်ခွင်မှာ သီးခြားနေထိုင်နေကြပါတယ်။ သူတို့တွေကတော့ UK က တိရစ္ဆာန်ဥယျာဉ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိရစ္ဆာန်ဥယျာဉ်မှူးတွေပါပဲ။

UK ရဲ့ Hayleမြို့မှာရှိတဲ့ Paradise Park ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ်က ကိုရိုဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားမယ်လို့ တစ်ပတ်ကျော်လောက်က ကြေညာထားခဲ့ပါတယ်။ အခုဆိုရင် သူတို့ရဲ့ဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးက အရေးကြီးတယ်လို့လည်း ပြောထားပါတယ်။ တိရစ္ဆာန်ဥယျာဉ်ရဲ့ ဝန်ထမ်း ၄ ဦးဖြစ်တဲ့ အစ်ဇီ၊ အယ်မလီ၊ လေယာ၊ ဆာရက်တို့ကတော့ တိရစ္ဆာန်ဥယျာဉ်မှာပဲ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်နေရင်း သီးခြားနေထိုင်ခဲ့ပါတယ်။ ၁၂ ပတ်တာ သီးခြားနေထိုင်စဉ်အတွင်းမှာ သူတို့ရဲ့တိရစ္ဆာန်တွေကို ဆက်လက်ဂရုစိုက်သွားမှာဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်မှူး ၄ ဦးက တိရစ္ဆာန်ဥယျာဉ်မှာ ပြောင်းရွေ့နေထိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းအရင်းက ကြိုတင်ကာကွယ်မှုပါပဲ။ ဆိုးရွားမှုကနေ ပိုပြီးဆိုးရွားလာခဲ့ရင်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေ အလုပ်မလုပ်နိုင်တော့ရင် အနည်းဆုံးတော့ သူတို့တွေက တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ပေးနိုင်မှာပါလို့ အစ်ဇီက ပြောပါတယ်။

Paradise Park က ငှက် (၁၂၀၀) နဲ့ နို့ထွက်သတ္တဝါ အရေအတွက်များစွာတွေရဲ့ နေထိုင်ရာအိမ်ပါပဲ။ ဥယျာဉ်မှာ ရှိနေတဲ့ တိရစ္ဆာန်ထောင်ပေါင်းများစွာကို ကြည့်ရှုစောင့်ရှောက်တာ၊ အစာကျွေးတာ၊ သန့်ရှင်းရေးလုပ်တာ၊ ဆေးတိုက်တာ၊ အခြားအရေးကြီးတဲ့ ကိစ္စတွေလုပ်ရတာ လွယ်ကူတဲ့တာဝန်တော့မဟုတ်ပါဘူး။ အဲဒီတိရစ္ဆာန်ဥယျာဉ်မှူး ၄ ဦးက အဲဒီတာဝန်တွေကို လုပ်ဆောင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေက နွေရာသီပြပွဲတွေမှာ ပါဝင်ရတဲ့ လင်းယုန်ဌက်၊ လင်းတဌက်၊ သိမ်းဌက်နဲ့ အခြားဌက်မျိုးစိတ်တွေကိုလည်း လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ အခြားဝန်ထမ်းတွေကိုလည်း အလှည့်ကျအနေနဲ့ သူတို့ ၄ ဦးကို ပံ့ပိုးပေးဦးမယ်လို့ သိရပါတယ်။

အများပြည်သူတွေလာလည်တဲ့ နေရာတွေအားလုံးကို COVID-19 ကြောင့် ပိတ်လိုက်ရတဲ့အတွက် Paradise Park ကလည်း ဝင်ငွေတွေတော်တော်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒါကြောင့်မို့ ဝန်ထမ်းတွေက တိရစ္ဆာန်တွေအတွက် အစားအစာနဲ့ အခြားအရေးကြီးတဲ့ အသုံးစရိတ်တွေ ကာမိအောင် GoFundMe Campaign တစ်ခုကို တည်ထောင်ထားပါတယ်။ တိရစ္ဆာန်ဥယျာဉ်က တံခါးပေါက်တွေပိတ်ထားပေမဲ့လည်း ကြည့်ချင်တဲ့သူတွေအတွက် ပြတင်းပေါက်တစ်ပေါက်စီစဉ်ပေးထားပါတယ်။ လူမှုကွန်ယက်ပေ့ချ်မှာလည်း သတင်းတွေကို ပုံမှန်Update လုပ်ပေးပြီး အိမ်ကနေ တိရစ္ဆာန်လေးတွေကို မြင်ချင်တဲ့သူတွေအတွက် တိုက်ရိုက်လွှင့်ပေးနေပါတယ်။

Ref: Zookeepers Self-Isolate In A UK Wildlife Park For 3 Months To Take Care Of Animals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top