လှည့်စားခြင်းနှင့် လွတ်မြောက်ခြင်း

businessmen-ideas.jpg

လောကကြီးကိုကြည့်လိုက်ပါ။ အရာရာဟာ ပကတိဖြစ်တည်နေကြတာမဟုတ်ဘဲ အားလုံးသောအရာတွေက

လှည့်စားလျက်ရှိကြပါတယ်။ ဒီလိုပြောရင် လူတချို့အတွက်တော့ နားလည်ဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ လူတွေဟာ မိမိကို လှည့်စားနေတဲ့ လောကကြီးကို လှည့်စားနေတယ်လို့ မသိနေခြင်းက လှည့်စားခြင်းကနေ မလွတ်မြောက်ကြရတဲ့ အကြောင်း ဖြစ်နေပါတယ်။ လှည့်စားခြင်းကနေ လွတ်မြောက်ဖို့ကို ကျွန်တော်တို့ ကြိုးစားကြရပါဦးမယ်။

ကမ္ဘာဦးအချိန်က လူသားတွေဟာ နေ၊ လ၊ ကမ္ဘာတို့အကြောင်းနဲ့ပတ်သက်ပြီး ကမ္ဘာက ရပ်နေပြီး နေ၊ လ၊ နက္ခတ်ကြယ်စုတွေက ကမ္ဘာကို လှည့်ပတ်သွားလာနေကြတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလိုလှည့်ပတ်သွားခြင်းကိုလည်း နေ၊လ၊နက္ခတ်ကြယ်စုတွေကို ဆိုင်ရာနတ်သားတစ်ဦးစီက မောင်းနှင်နေရတယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။ ထင်လည်းထင်စရာဖြစ်နေပါတယ်။ အမြင်ကိုကြည့်တဲ့အခါ နေ၊ လ၊ နက္ခတ်တာရာတွေက လှည့်ပတ်သွားနေသလိုမျိုးပါ။ ယနေ့ခေတ်မှာတော့ နေကိုဗဟိုပြုပြီး ကမ္ဘာက လှည့်ပတ်သွားနေတာ၊ မိမိဝင်ရိုးပေါ်မှာ လှည့်ပတ်ပြီး နေ့၊ ည ဖြစ်ပေါ်တာတွေကို အထင်အရှားသိရှိလာရပါပြီ။ ဒီလိုအသိကြောင့်ပဲ အမှန်မသိခြင်းကနေ လွန်မြောက်ပြီး လှည့်စားခံဘဝမှ လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မလွန်မြောက်နိုင်သူတွေက မရေမတွက်နိုင်အောင် ရှိနေပါဆဲပါပဲ။ မျက်လှည့်ကြည့်ကောင်းခြင်းဆိုတာကလည်း လှည့်စားခြင်းကနေ မလွန်မြောက်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

ရှေးတစ်ချိန် လူသားတွေရဲ့ လူနေမှုဘဝ နိမ့်ကျချိန်တုန်းက တောမီးလောင်ခြင်းကိုလည်း ကြောက်ခဲ့ကြရ… မိုးရွာခြင်း၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း တွေကိုလည်း ကြောက်ခဲ့ကြပါတယ်။ ဘာကြောင့် ဒီလိုအဖြစ်တွေဖြစ်ရတယ်ဆိုတာကို အသေအချာ မသိခဲ့ကြပါဘူး။ မိုးရာသီမို့ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်းတွေ ဖြစ်တတ်တဲ့ သဘာဝကို မသ်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် မိုးကြိုး၊ လျှပ်စီးတွေကို လူတို့စိတ်မှာ တန်ခိုးရှင်တွေက ဖန်တီးတယ်လို့ ထင်မြင်လာပြီး လျှပ်စီး၊ မိုးကြိုးတွေကို ကိုးကွယ်လာကြပါတော့တယ်။ ဒီကိုးကွယ်ယုံကြည်ချက်ကို အခွင့်ကောင်းအဖြစ်နဲ့ အသုံးချသူ နတ်ဆရာတွေလည်း ပေါ်ပေါက်လာခဲ့ကြပြီး မိုးကြိုးကို ပိုင်စိုးတံနတ်နဲ့ အချိတ်အဆက်ရတဲ့ပုံစံသုံးလို့ ယုံကြည်သူတွေကို လှည့်စား အမိန့်ပေးတာတွေ လုပ်ကြပါတယ်။ အဲဒီနောက် ယစ်ပူဇော်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပြီး လှည့်စားမှုကို လှည့်စားမှုမှန်းမသိတာကြောင့် အသက်ပေါင်းများစွာဟာ ယစ်ကောင်တွေအဖြစ်နဲ့ အသက်ပေးခဲ့ကြရပါတယ်။ အရိုးစွဲနေဆဲ အချို့အာဖရိက ဒေသအချို့မှာတော့ ဒီလိုလှည့်စားမှုတွေကနေ မလွန်မြောက်နိုင်ဘဲ ယနေ့တိုင် နတ်ဆရာတွေ ယစ်ပူဇော်ကြောင်း တွေ့နေရဆဲပါ။

လှည့်စားနေသည်ကို လှည့်စားနေမှန်းမသိဘဲ လှည့်စားခြင်းကနေ မလွန်မြောက်သူ များစွာရှိနေသေးတဲ့အပြင် လှည့်စားနေတာကိုတောင် ရှေးရိုးအတိုင်းဆောင်ရွက်နေတဲ့ အယောင်ပြပြီး ဆက်လက်လှည့်စားနေသူတွေလည်း ရှိတာမို့ ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်တိုင်က ခေတ်မှီတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ ဖြစ်နိုင်ခြင်းရှိမရှိကို လက်တွေ့နည်းကျကျ၊ သဘာဝနဲ့ နှိုင်းယှဉ်ပြီး သိနိုင်ဖို့ လိုအပ်ပါတယ်။လောကကြီးကတော့ အမြဲထာဝစဉ်လှည့်စားနေမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်တွေကို ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါမှာလည်း ဒုက္ခကို ဖြစ်စေသော သံယောဇဉ် သမုဒ္ဒယ တို့သည် ဒုက္ခကို မမြင်စေရန်၊ ကာမဂုဏ်အာရုံတွေနဲ့ လှည့်စားထားကြောင်း အထင်အရှားပြတော်မူခဲ့ပါတယ်။ လှည့်စားခြင်းဟာ သံသရာကိုတောင် လှည့်စားထားတာ ဖြစ်လို့ လွန်မြောက်နိုင်ဖို့အတွက် လှည့်စားတာကို လည့်စားမှန်းသိအောင် မြတ်ဗုဒ္ဓက လမ်းပြခဲ့ပြီးသားပါ။

ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း လှည့်စားခြင်းများစွာကို လှည့်စားနေမှန်းမသိလိုက်ဘဲ အလှည့်စားခံရင်း နေထိုင်ရှင်သန်နေကြရပါတယ်။ အချို့ကတော့လှည့်စားမှန်းသိနေလျက် ရုန်းမထွက်နိုင်ကြပါဘူး။ လှည့်စားခံနေတဲ့ သံသရာလောကကြီး လွတ်မြောက်နိုင်ဖို့အတွက် အတွေးသစ်၊ အမြင်သစ်၊ လမ်းသစ်၊ သုတေသနသစ်တွေနဲ့ လှည့်စားနေတာကို ၊လှည့်စားတယ်လို့ သိအောင်လုပ်ရင်း လှည့်စားခံဘဝတွေက လွန်မြောက်နိုင်ကြပါစေ။

လေပြေမောင် (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top