အီရန်နိုင်ငံက ဒုံးကျည်နဲ့မှားယွင်းပစ်ခတ်လို့ ယူကရိန်းလေယာဉ်ပျက်ကျခဲ့ရတာဆိုတဲ့ သံသယတွေ ထွက်ပေါ်

yyl-021-2.jpg

သက်သေအထောက်အထားတွေအရ အီရန်နိုင်ငံက ဒုံးကျည်နဲ့ မှားယွင်းပစ်ခတ်ခဲ့တဲ့အတွက် တီဟီရန်မြို့နားမှာ ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တာလို့ ယူဆစရာရှိကြောင်း အနောက်အုပ်စုခေါင်းဆောင်တွေက ပြောပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ယောက်လုံး သေဆုံးခဲ့ရတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျမှုကို စေ့စပ်စုံလင်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကနေဒါနဲ့ ဗြိတိန်နိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။ သူတို့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချခဲ့တယ်ဆိုတဲ့ အယူအဆတွေကို အီရန်နိုင်ငံက ငြင်းပယ်ထားပါတယ်။ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းနှစ်ခုကို အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ အချိန်အပိုင်းအခြားအရ အမေရိကန်နိုင်ငံ လက်တုံ့ပြန်လာမလားဆိုပြီး ကြိုတင်ပြင်ဆင်နေတဲ့ အီရန်နိုင်ငံက ယူကရိန်းခရီးသည်တင်လေယာဉ်ကို အမေရိကန်စစ်လေယာဉ်လို့ အထင်မှားပြီး ပစ်ချခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေကို အမေရိကန်မီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။

ဒုံးကျည်နှစ်စင်း ပစ်လွှတ်ရာကနေ ထွက်ပေါ်လာတဲ့ အနီအောက်ရောင်ခြည်တွေကို ဂြိုဟ်တုကနေ စစ်ဆေးတွေ့ရှိပြီးနောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး CBS သတင်းဌာနက ဖော်ပြပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် PS752 လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် Tor ဒုံးကျည်နဲ့ပစ်ချခံခဲ့ရတာလို့ ယုံကြည်ထားကြောင်း ပင်တဂွန်နဲ့ အမေရိကန်ထောက်လှမ်ရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ အီရတ်ထောက်လှမ်းရေးအရာရှိတစ်ယောက်က ပြောခဲ့တယ်လို့ Newsweek သတင်းဌာနက ဖော်ပြပါတယ်။ ယူကရိန်းလေယာဉ်ရဲ့ ပျက်ကျတဲ့အဖြစ်အပျက်အတွက် သံသယဖြစ်စရာတွေရှိတယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်စက် Black Box တွေကို ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံထံ ပေးအပ်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံက ဆိုခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျမှုအတွက် တရားဝင်စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘိုးရင်းကုမ္ပဏီကို ဖိတ်ခေါ်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top