”တိရစ္ဆာန်တွေက သဘာဝဘေးအန္တရာယ်ကို ကြိုသိနိုင်စွမ်း” ရှိတာကြောင့် သူတို့ရဲ့ အပြုအမူတွေကို အခြေခံပြီး ငလျင်ကြိုတင်သတိပေးစနစ် (Earthquake Early Warning Systems) မှာ အသုံးချနိုင်ဖို့ သိပ္ပံပညာရှင်တွေက လေ့လာလျက် ရှိပါတယ်။
တိရစ္ဆာန်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်း (Physical Senses)က လူသားတွေထက် ပိုမိုကောင်းမွန်တာကြောင့် ငလျင်လှုပ်ခတ်မှုလို သဘာ၀ ဘေးအန္တရာယ်မျိုး မဖြစ်ခင် ကြိုတင်အချက်ပြမှုတွေကို ခံစားသိရှိကြပါတယ်။
ငလျင် လှုပ်ခတ်မှု မဖြစ်ပွားခင် မိနစ်ပိုင်း ဒါမှမဟုတ် စက္ကန့်ပိုင်းအလိုမှာ ကမ္ဘာ့မြေလွှာထဲကနေ ရှေ့ပြေးလှိုင်း Primary waves(P-waves) တွေ ထွက်ပေါ်လာလေ့ရှိပြီး Primary waves(P-waves) ရဲ့ သေးငယ်တဲ့ တုန်ခါမှုတွေကို တိရစ္ဆာန်တွေက ကြိုတင်သိရှိနိုင်ကြပါတယ်။
ငလျင်မလှုပ်မီ ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအလိုမှာ မြေအောက်ကျောက်ဖျာကြီးတွေ အချင်းချင်း ဖိမိရာကနေ ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic changes) ပြောင်းလဲမှုတွေ၊ လူတွေရဲ့ နားနဲ့ ကြားနိုင်စွမ်းမရှိတဲ့ အလွန်နိမ့်တဲ့ အသံလှိုင်းတွေကိုလည်း ဆင်၊ ဝေလငါးနဲ့ ငှက်တွေက ကြားနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် တိရစ္ဆာန်တွေဟာ ငလျင်လှုပ်ခတ်မှု မဖြစ်ပွားခင် ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းကြလေ့ရှိပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း တိရစ္ဆာန်တွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို သတိပြုမိလို့ လူပေါင်းများစွာ ငလျင်ဘေးကနေ အသက်ဘေးလွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။
အဲဒီအထဲမှာ ၁၉၇၅ ခုနှစ်က တရုတ်နိုင်ငံ၊ ဟိုင်ချန်မြို့မှာ ပြင်းအား ၇.၃ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကနေ မြို့လုံးကျွတ် လွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်၊ ၂၀၀၄ ခုနှစ် ဆူနာမီလှိုင်းတွေ မလာခင် နာရီပိုင်းအလို ထိုင်းနိုင်ငံ ဖူးခက် (Phuket) ကမ်းခြေမှာ ဆင်တွေ တောင်ပေါ်တက်ပြေးသွားလို့ ဆင်ဦးစီးတွေနဲ့ ဆင်ပေါ်က ကမ္ဘာလှည့်ခရီးသည်တွေ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်၊ ၂၀၀၉ ခုနှစ်က အီတလီနိုင်ငံ၊ လာအာကွီလာ (L’Aquila) မြို့မှာ ငလျင်မလှုပ်မီ ၃ ရက်အလို ဖားပြုတ်တွေ သူတို့နေထိုင်ရာ ရေကန်ကြီးကို ထူးဆန်းစွာ စွန့်ခွာသွားတဲ့ ဖြစ်ရပ် (ငလျင်မတိုင်မီ မြေအောက်က ထွက်လာတဲ့ Charged particles တွေကို အာရုံခံမိပြီး ဖားပြုတ်တွေ ထွက်ပြေးကြတာလို့ နောက်ပိုင်းမှာ ဇီဝပညာရှင်တွေက အတည်ပြုခဲ့)တွေကတော့ ထင်ရှားပါတယ်။
ဒီလို သာဓကတွေကြောင့်လည်း သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေရဲ့ သဘာဝအာရုံခံစနစ်ကို အလေးထား လေ့လာနေပြီး လူသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ သတိပေးချက်စနစ်တွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေကြတာပါ။
Ref: Can Animals Predict Natural Disasters?
NZ (ရိုးရာလေး)

