လီဗာပူးနည်းပြရာထူးမှာ ဂျရတ်ကို အစားထိုးဖို့ ဂျာဂန်ကလော့ ထောက်ခံ

yyl-029-7.jpg

လီဗာပူးနည်းပြရာထူးကနေ သူ ထွက်သွားရင် ဒါမှမဟုတ် အထုတ်ခံရရင် သူ့နေရာမှာ လီဗာပူးကစားသမားဟောင်း စတီဗင်ဂျရတ်ကို အစားထိုးသင့်တယ်လို့ ဂျာဂန်ကလော့က မှတ်ချက်ပေးခဲ့ပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို တာဝန်ယူကိုင်တွယ်နေပေမဲ့ တစ်နေ့နေ့ကျရင် အန်ဖီးလ်ကွင်းကို နည်းပြအဖြစ် ပြန်လာဖို့ ဆန္ဒရှိနေသူပါ။ အဲဒီအချိန်ကျရင် ဂျရတ်လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးသွားမယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

”လီဗာပူးအသင်းက ကျွန်တော့်ကို နည်းပြရာထူးကနေ မနက်ဖြန် ထုတ်လိုက်မယ်ဆိုရင် ကျွန်တော့်နေရာ အစားထိုးဖို့ ပထမဦးစားပေးရွေးချယ်မယ့်သူက ကန်နီ(ဒေါက်ဂလစ်ရှ်)ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စတီဗင်(ဂျရတ်)ကိုလည်း ဂလက်စကို(ရိန်းဂျားအသင်း)ကနေပြန်ခေါ်ကောင်း ပြန်ခေါ်နိုင်တယ်။ ကျွန်တော့်နေရာကို ဘယ်သူနဲ့ အစားထိုးသင့်လဲလို့ မေးလာရင်တော့ စတီဗင်လို့ ကျွန်တော် ဖြေမှာပါ။ ကျွန်တော် တတ်နိုင်သလောက် သူ့ကို ကူညီသွားမယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို တစ်ယောက်ယောက်က ရသွားရင် အဲဒါ သူတို့နဲ့ မဆိုင်ပါဘူး”

”ကိုယ်က သိပ်မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီအလုပ်အတွက် ကျွန်တော် အစွမ်းကုန်ပေးဆပ်ရမယ်ဆိုတာ သဘောပေါက်တဲ့အရွယ် ရောက်နေပါပြီ။ ကျွန်တော်က ပါရမီရှင် မဟုတ်ဘူး။ ပြည်စုံသူမဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ပါတယ်။ ကျွန်တော်က မနာလိုမဖြစ်ဘူး။ စိုးရိမ်သံသယမရှိဘူး။ ကျွန်တော်က ဗွင်းဗွင်းရှင်းရှင်းသမားပါ။ ကျွန်တော့်ဆီက အကူအညီလိုချင်ရင် အကူအညီရမှာပါ။ ကျွန်တော်က မဆိုင်းမတွဘဲ ဒဲ့ဒိုးပြောလွန်းတယ်လို့ မိသားစုကတောင် မကြာခဏ ထင်ကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ သွယ်ဝိုက်နေတာ အချိန်ဖြုန်းရာရောက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုယ့်ဘဝကို ချစ်တယ်။ ကိုယ့်အလုပ်ကိုချစ်တယ်။ လူအများစုကိုလည်း သဘောကျပါတယ်။ ကျွန်တော့်အတွေးကတော့ အဲဒါပါပဲ”လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

ဂျရတ်ဟာ နည်းပြဂျာဂန်ကလော့လက်အောက်မှာ အလုပ်တွဲလုပ်ခဲ့ဖူးပြီး လီဗာပူး ယူ-၁၈ အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူဟာ ဂျာဂန်ကလော့နဲ့ ဆက်ဆံရေးကောင်းမွန်သူပါ။ ရိန်းဂျားအသင်းဟာ ဂျရတ်လက်အောက်မှာ ကစားခဲ့တဲ့ ပွဲစဉ်(၇၅)ပွဲအနက်၊ (၄၄)ပွဲနိုင်၊ ပွဲ(၂၀)သရေကျပြီး (၁၁)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top