မီလန်မြို့ခံ ဘောလုံးအသင်း(၂)သင်းရဲ့ ကွင်းသစ်ဒီဇိုင်း ပေါက်ကြား

yyl-028-7.jpg

ပေါက်ကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာ မီလန်မြို့ခံအသင်း(၂)သင်း ရွှေ့ပြောင်းကစားမယ့် ကွင်းသစ်ကြီးရဲ့ ဒီဇိုင်းကို ဖော်ပြထားပါတယ်။ ၁၉၄၇ ခုနှစ်ကစပြီး နာမည်ကျော်ဆန်စီရိုကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တဲ့ အေစီမီလန်နဲ့ အင်တာမီလန်အသင်းတွေက အခုနှစ်အစောပိုင်းမှာ ကွင်းသစ်ကို ရွှေ့ပြောင်းကစားမယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ပြောင်းရွှေ့မယ့် ကွင်းသစ်ကတော့ ဆန်စီရိုကွင်းဘေးက ကားပါကင်မှာ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာ စတင်အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီကွင်းသစ်ကြီးက ဘယ်လိုပုံစံရှိမလဲဆိုတာကို ထုတ်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အမေရိကန်ကုမ္ပဏီ Populous ကနေ ပေါက်ကြားခဲ့တဲ့ YouTube ဗီဒီယိုအရ ကွင်းသစ်ကြီးရဲ့ ဒီဇိုင်းကို ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။ Populous ကုမ္ပဏီက တင်ပြထားတဲ့ ကွင်းဒီဇိုင်းက ရွေးချယ်ခံရမယ်လို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကွင်းသစ်ကြီးရဲ့ဒီဇိုင်းကတော့ မီလန်မြို့က ဒူအိုမိုဒီမီလာနို ခရစ်ယာန်ဘုရားကျောင်းဒီဇိုင်းကို အတုယူထားပြီး ကွင်းအပြင်ဘက်မှာ မှန်ထည်ကာရံထားမယ်လို့ ဆိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဆန်စီရိုကွင်းက ပရိသတ် ၈၀၀၀၀ ဆံ့ပေမယ့် ကွင်းသစ်ကတော့ ပရိသတ် ၆၀၀၀၀ ပဲ ဆံ့မှာပါ။

စကူဒတ်တိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကလည်း ပရိသတ် ၆၇၂၂၉ ဆံ့တဲ့ ဒဲလ်အပီဘောလုံးကွင်းကနေ ပရိသတ် ၄၁၅၀၇ ဦးပဲဆံ့တဲ့ အလိုင်းယင့်ဇ်ကွင်းကို ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ ပရိသတ်ဝင်ဆံ့မှုနည်းတော့ ကွင်းပြည့်ကွင်းလျှံဖြစ်နိုင်တဲ့ အခြေအနေ ပိုများပြီး အိမ်ရှင်အသင်းကို အထောက်အကူဖြစ်စေမယ့် ကွင်းတွင်း အငွေ့အသက် ဖန်တီးပုံဖော်ပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ကွင်းသစ်တည်ဆောက်ရေးစီမံကိန်းဟာ ဥရောပရဲ့ အားကစားကွင်းတွေထဲမှာ အဓွန့်ရှည်တည်တံ့ရေးကို အဓိကအထားဆုံးစီမံကိန်းဖြစ်ပြီး မိုးရေသိုလှောင်ဖို့၊ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိဖို့၊ ပတ်ဝန်းကျင် စိုပြေစိမ်းလန်းရေးအတွက် ဆိုလာပြားတွေ တပ်ဆင်သွားမယ့် အခြေအနေရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top