ဒေါ်လာ ၇၅၈ သန်းတန် Power Ball ထီပေါက်ခဲ့တဲ့ မဟာကံထူးရှင် အမျိုးသမီး

powerball-jackpot.jpg

အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ မက်ဆာချူးဆက်ပြည်နယ် (Massachusetts) ချီကိုပီမြို့ (Chicopee) တွင်နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ်ရှိ မာဗစ်ဝန်ဆဇ်(Mavis Wanczyk) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ မြောက်အမေရိကသမိုင်းတစ်လျှောက် အများဆုံး ဂျက်ပေါ့ (လောင်းကြေးအပုံ)  ဆုကြေးငွေ ပိုင်ဆိုင်သူ အဖြစ် ဒေါ်လာ ၇၅၈.၇ သန်း ပေါက်ခဲ့ပြီး နောက်ပိုင်းမှာ ချက်ချင်းဆိုသလိုပဲ သူမလက်ရှိ အလုပ်လုပ်နေတဲ့အလုပ်က နုတ်ထွက်ခဲ့ပါတယ်။

မာဗစ်ဝန်ဆဇ်ဟာ ထီလက်မှတ်ကို ဆီဆိုင်တစ်ဆိုင်မှဝယ်ယူခဲ့တာ ဖြစ်ပြီး သူမရဲ့ထီနံပါတ် တွေကတော့ ၆၊ ၇၊ ၁၆၊ ၂၃၊ ၂၆ နဲ့ ၄ တို့ ဖြစ်ပါတယ်။ အမေရိကန်သမိုင်းတစ်လျှောက် အများဆုံး Power Ball Jackpot ဆုကြေးကတော့ ဒေါ်လာ ၁.၆ ဘီလီယံဖြစ်ပြီး ဒါပေမဲ့ ဒီဆုကြေးငွေကို ထီလက်မှတ် ကိုင်ဆောင်သူ ၃ ယောက်က ၂၀၁၆ ဇန်နဝါရီလမှာ ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ်ဆိုင်ရာ ထီအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထီဖွင့်ခဲ့တဲ့ရလာဒ်တွေဟာ  တရားဝင်ဖြစ်သွားပြီ ဖြစ်ကြောင်း သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

မဟာ ကံထူးရှင်ဖြစ်တဲ့ မာဗစ်ဝန်ဆဇ်ကတော့ “ပထမဆုံးကျွန်မ လုပ်ချင်တဲ့အရာကတော့ အေးဆေးထိုင်ပြီး အနားယူချင်တာပါပဲ။ ကျွန်မမှာ လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အိပ်မက်တစ်ခုရှိပါတယ်။ နောက်ဆုံးမှာ အဲ့ဒီအိပ်မက်ကလည်း တကယ်ဖြစ်လာပါတယ်။ ” လို့ ပီကေဝါးရင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မာဗစ်ဝန်ဆဇ်ကတော့ ဒီထီနံပါတ်တွေကို သူမဆွေမျိုးများရဲ့ မွေးနေ့များမှ အခြေခံပြီး ရွေးချယ်ခဲ့တာ ဖြစ်ပြီး မာဗစ်ဝန်ဆဇ်ဟာ ဆေးဝါးစင်တာတစ်ခုမှာ ၃၂  နှစ်ကြာ အလုပ်လုပ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထီပေါက်သွားတဲ့အခါမှာတော့ သူမဟာ အလုပ်ကို ချက်ခြင်းဖုန်းဆက်ကာ နှုတ်ထွက်စာတင်ခဲ့ပြီး သတင်းထောက်များက သူမဘာတွေ ဝယ်ဖို့ အစီအစဉ်ရှိလဲ လို့မေးမြန်းခဲ့တဲ့အခါမှာတော့ “ကျွန်မ ကားသစ်တွေ ဘာတွေတော့ မဝယ်သေးပါဘူး။  မနှစ်လောက်ကပဲ ကျွန်မ ကားအသစ်တစ်စီး ဝယ်ထားခဲ့တာလေ။ ဒါကြောင့် ပထမဆုံးအဲ့ဒီအကြွေးကို အပြည့်ဆပ်ဖို့ လုပ်ရမှာပါ” လို့ပြောခဲ့ပါတယ်။

ထီအဖွဲ့ချုပ်မှ ယခုပေါက်သွားတဲ့ ထီလက်မှတ်ကို ရောင်းချပေးခဲ့တဲ့ ဆီဆိုင်ကို ဆုကြေး ဒေါ်လာ ၅သောင်း ဆုချီးမြှင့်ခဲ့ပြီး ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဘော့ဘိုဘပ် (Bob Bolbuc) ကတော့ ဒီဆုကြေးကို ပရဟိတ အဖွဲ့တွေထံသို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ယခုပေါက်သွားတဲ့ Jackpot ဆုကြေးငွေကို ၂၉ နှစ်ကြာအရစ်ကျ ငွေပေးချေခြင်း၊ ဒါမှမဟုတ် တစ်လုံးတစ်ခဲတည်း ငွေပေးချေခြင်း ပြုလုပ်သွားမှာဖြစ်ပြီး အခွန်ဆောင်အပြီး ရရှိမယ့်ငွေဟာ ဒေါ်လာ ၄၄၃ သန်းခန့်ရှိပါတယ်။

Powerball ထီအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကတော့ ကွန်နက်တီကပ်၊ အီလီနွိုက်၊ လူဝီစီယားနား၊ နယူးမက်ဆီကို၊ ပင်ဆယ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားကျွန်းပြည်နယ် တို့မှာရောင်းချခဲ့တဲ့ ထီလက်မှတ် ၆စောင်ကလည်း ဒေါ်လာ ၂ သန်းစီ ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်တစ်ခွင် ရောင်းချခဲ့တဲ့ အခြားသော ထီလတ်မှတ် ၃၄ စောင်ကလည်း ဒေါ်လာ ၁ သန်းစီ ဆွတ်ခူး ရရှိခဲ့ပါသေးတယ်။

Power Ball Jackpot ပေါက်နိုင်ချေဟာ ၂၉၂.၂ သန်းပုံမှ ၁ ပုံသာရှိပါတယ်။

Ref : BBC News : Massachusetts winner of $758m lottery jackpot quits job

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top