စိုးရိမ်သောကဝေဒနာကြုံတွေ့နေရပြီဆိုတဲ့ လက္ခဏာရပ်တွေ

unnamed-11.jpg

စိုးရိမ်စိတ်ဆိုတာ တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုကြောင့် ပူပန်ရတာ၊ ခြိမ်းခြောက်ခံရတဲ့အချိန်မှာ လူတွေကြုံတွေ့ရတဲ့အရာပါပဲ။ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်ရင်းနဲ့ ဖိအားများလာတဲ့အခါ စိတ်နဲ့ခန္ဓာကိုယ်က တုံ့ပြန်လိုက်တဲ့ အရာလည်းဖြစ်ပါတယ်။ လူတစ်ယောက်က စိတ်ဖိစီးစေတဲ့အခြေအနေတွေက အစပျိုးလိုက်တဲ့ စိုးရိမ်သောကဝေဒနာရှိနေတဲ့အခါ ခန္ဓာကိုယ်မှာ တစ်ခုခုပြောင်းလဲသွားသလို ခံစားရတတ်ပါတယ်။ တချို့အခြေအနေတွေမှာ စိုးရိမ်စိတ်ရဲ့ သဘောသဘာဝကို သိနိုင်ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ စိုးရိမ်သောကဝေဒနာကို ခံစားနေရပြီလားဆိုတာ သိနိုင်ဖို့ အဖြစ်များတဲ့လက္ခဏာရပ်တွေကို မျှဝေပေးလိုက်ရပါတယ်။

စိတ်ခံစားချက်တွေ လွှမ်းမိုးနေခြင်း

စိုးရိမ်သောကဝေဒနာခံစားနေရတဲ့လူတွေက အမြဲလိုလို စိတ်သောကရောက်နေခံစားချက်တွေ လွှမ်းမိုးနေတတ်ပါတယ်။ တစ်စုံတစ်ခုကို အဆက်မပြတ် စိုးရိမ်ပူပန်တာက လူတစ်ယောက်ကို သူ့ရဲ့စိတ်ကိုရှုပ်ထွေးစေပါတယ်။ တစ်ခုခုကြောင့် စိတ်ကို ထိန်းချုပ်လို့မရတဲ့ ခံစားချက်က သင် စိုးရိမ်သောကဝေဒနာရှိတဲ့အခါ ကြုံတွေ့ရတဲ့ အရာပါပဲ။

နှလုံးတဒိတ်ဒိတ်ခုန်တာမြန်ခြင်း

နှလုံးခုန်တာ အရမ်းမြန်တာက စိုးရိမ်သောကဝေဒနာရဲ့အဖြစ်များတဲ့လက္ခဏာရပ်ပါပဲ။ နှလုံးက တဒိတ်ဒိတ်ခုန်သလို၊ နှလုံးခုန်ရပ်သွားမတတ်ခုန်တာမျိုး ခံစားရစေနိုင်ပါတယ်။

အသက်ရှုရခက်ခဲခြင်း

အသက်ရှုကျပ်တာ၊ အသက်ရှုရခက်တာက အရမ်းကြောက်ဖို့ကောင်းပြီး စိုးရိမ်သောကဝေဒနာရဲ့အဖြစ်များတဲ့လက္ခဏာလည်းဖြစ်ပါတယ်။ စိုးရိမ်သောကဝေဒနာခံစားနေရစဉ်အတွင်း ခန္ဓာကိုယ်က နည်းမျိုးစုံနဲ့ တုံ့ပြန်နေတာပါ။ အသက်ရှုလို့မရသလို ခံစားချက်ကစပြီး မွန်းကျပ်နေတဲ့ခံစားချက်အထိ စိုးရိမ်သောကဝေဒနာက သင့်ကို အသက်ရှုဖို့အတွက် အခက်ခဲဖြစ်စေနိုင်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း

စိုးရိမ်သောကဝေဒနာရှိနေတဲ့အခါ စိတ်တည်ငြိမ်အောင် နေနိုင်စွမ်းမရှိဖြစ်လာတတ်ပါတယ်။ ဘယ်အရာကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်ကာ အာရုံစိုက်လို့မရဖြစ်လာရပါတယ်။ သင်က စိုးရိမ်စိတ်ရဲ့အခြားလက္ခဏာရပ်တွေနဲ့အတူ စိတ်ရှုပ်ထွေးတဲ့အခြေအနေကို ခံစားနေရရင် သင်ဟာစိုးရိမ်သောကဝေဒနာရှိနေတာဖြစ်နိုင်ပါတယ်။

ချွေးပြန်လာခြင်း (သို့) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း

သင်က စိုးရိမ်သောကဝေဒနာခံစားနေရတဲ့အခြေအနေမှာဆိုရင် အလိုလိုနေရင်း ချွေးပြန်လာတာ (ဒါမှမဟုတ်) ချမ်းစိမ့်စိမ့်ဖြစ်လာနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

စိုးရိမ်သောကဝေဒနာကြောင့် ရင်ဘတ်အောင့်တာက ခါတိုင်းရင်ဘတ်အောင့်တာ နဲ့ ရင်ပူရင်ဆာကြောင့် အောင့်တာမျိုးနဲ့ ကွဲပြားပါတယ်။ စိုးရိမ်စိတ်ကြောင့် ရင်ဘတ်က တင်းကျပ်ပြီး ဆူးကနဲ ထိုးအောင့်တာမျိုး ခံစားရတာဖြစ်ပါတယ်။

Ref: Signs you’re experiencing an anxiety attack
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top